အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမှာ ယခုဘဏ္ဍာနှစ်၌ ဆက်လက်မြင့်မားဖွယ်ရှိ

အိန္ဒိယနိုင်ငံတွင် လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရေးဆွဲဆောင်မှုများအပါအဝင် အစီအမံများစွာကို ချမှတ်လုပ်ဆောင်လျက်ရှိသော်လည်း ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံ လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တင်သွင်းမှုတန်ဖိုးမှာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်လျက် အမေရိကန် ဒေါ်လာ ၃.၇၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရ၏ တရားဝင်ထုတ်ပြန်ချက် မရှိသေးသော်လည်း ပဲမျိုးစုံတင်သွင်းမှု ပမာဏသည် ၂၀၂၂-၂၃ ခုနှစ်၌ တန်ချိန် ၂၄.၅ သိန်းခန့်ရှိခဲ့ရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ၄၅ သိန်းကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်နှင့် ဈေးနှုန်းများကို ထိန်းကျောင်းနိုင်ရန်အတွက် ဘရာဇီးနှင့် အာဂျင်တီးနားတို့ကဲ့သို့သော ဈေးကွက်အသစ်များထံမှ ကာလရှည်စာချုပ်ဖြင့် ပဲမျိုးစုံတင်သွင်းနိုင်ရေး အစိုးရက ညှိနှိုင်းလျက်ရှိကြောင်း၊ ဘရာဇီးနိုင်ငံထံမှ မတ်ပဲတန်ချိန် ၂၀၀၀၀ ကို တင်သွင်းမည်ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံထံမှ ပဲစင်းငုံများ တင်သွင်းနိုင်ရေး စေ့စပ်ညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံတစ်ဝန်း၌ အထွေထွေရွေး ကောက်ပွဲများကျင်းပရန် ဆောင်ရွက်နေချိန်တွင် ပဲမျိုးစုံ၏ ဈေးနှုန်းများဖောင်းပွမှုသည် အစိုးရအတွက် အဓိကကျသော အရေးကိစ္စတစ်ရပ်အဖြစ် တည်ရှိနေသည်။ မကြာသေးမီက ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ်အတွင်း ပဲမျိုးစုံဈေးနှုန်းဖောင်းပွမှုသည် ဖေဖော်ဝါရီလ၌ ၁၉% နှင့် မတ်လတွင် ၁၇% ရှိကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည် စားတော်ပဲအား ယခုနှစ် ဇွန်လအထိ အကောက်ခွန်လွတ် တင်သွင်းခွင့် ပြုထားပြီး ပဲစင်းငုံနှင့် မတ်ပဲတို့ကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားသည်။ ဈေးနှုန်းများထိန်းသိမ်းနိုင်ရန်အတွက် ပဲမျိုးစုံ ကုန်လက်ကျန်ပမာဏ ကို ဧပြီလ ၁၅ ရက်နေ့မှ စတင်၍ အပတ်စဉ် ထုတ်ဖော်ကြေညာရန် အစိုးရက စည်းကမ်းချက်ချမှတ်ထားပြီး သိုလှောင်ဈေးကစားမှုများကို အရေးယူဆောင်ရွက်နိုင်ရေး မပြတ်စောင့်ကြည့်ရန် ပြည်နယ်အာဏာပိုင်များသို့ ညွှန်ကြားထားသည်။

အစိုးရက ပဲမျိုးစုံအတွက် အနိမ့်ဆုံးထား ဈေးပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းများကို တိုးမြှင့်ခဲ့သော်လည်း အိန္ဒိယပြည်တွင်း ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ လွန်ခဲ့သော ၂ နှစ် – ၃ နှစ် ကာလများကပင် ကျဆင်းလာခဲ့သည်။ ၂၀၂၃-၂၄ သီးနှံစိုက်ပျိုးရေးနှစ်၌ ပဲမျိုးစုံထုတ်လုပ်မှုမှာ တန်ချိန် ၂၃၄ သိန်းခန့်ရှိနိုင်ကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ယခင်နှစ် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၆၁ သိန်းရှိပြီး ၂၀၂၁-၂၂ ခုနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၂၇၃.၀၂ သိန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃-၂၄ ခုနှစ် မိုးသီးနှံရာသီတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ မူလခန့်မှန်းထားသည့် တန်ချိန် ၇၆.၂၁ သိန်းကို ပြည့်မီမှုမရှိပဲ တန်ချိန် ၇၁.၁၈ သိန်းခန့်သာ ထွက်ရှိဖွယ်ရှိသည်။ မိုးသီးနှံ မတ်ပဲ ထုတ်လုပ်မှုသည် တန်ချိန် ၁၇.၆၈ သိန်းခန့်မှန်းရာမှ တန်ချိန် ၁၅.၁၅ သိန်း သို့လည်းကောင်း၊ မိုးပဲတီစိမ်းသည် တန်ချိန် ၁၇.၁၈ သိန်းထွက်ရှိရန် ခန့်မှန်းရာမှ တန်ချိန် ၁၄.၀၅ သိန်းခန့် သို့လည်းကောင်း အသီးသီး လျော့ကျမည်ဖြစ်သည်။ အဓိကစိုက်ပျိုးရာဒေသများတွင် ရာသီဥတု ပုံပျက်ယွင်းခြင်းက ပြည်တွင်းထုတ်လုပ်မှုကို ကျဆင်းစေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံကဏ္ဍ၌ စိုးရိမ်ဖွယ်အချက်တစ်ရပ်မှာ တိုးတက်မှုလမ်းကြောင်းကို တွေ့မြင်ရပြီးနောက် လွန်ခဲ့သော ၃ နှစ် – ၄ နှစ် ကာလမှစ၍ စိုက်ပျိုးမှုဧရိယာ ကျဆင်းလာခြင်းပင်ဖြစ်သည်။ ပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာသည် ၂၀၂၁-၂၂ ခုနှစ်၌ ဟက်တာပေါင်း ၃၀၇.၃၁ သိန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်၌ ဟက်တာ ၂၅၇.၈၅ သိန်းသို့ ကျဆင်းခဲ့သည်။ ၂ နှစ်တာ ကာလအတွင်း စိုက်ဧရိယာ၌ ၁၆% နှင့် အထွက်ပမာဏတွင် ၁၄% ခန့် လျော့ကျခဲ့ခြင်းဖြစ်သည်။

အထွေထွေ ဈေးနှုန်းဖောင်းပွမှုကို ၄% သို့လျှော့ချရန် ရည်မှန်းထားရာတွင် စားသောက်ကုန် ဈေးနှုန်းဖိအားများသည် စိန်ခေါ်မှုဖြစ်ပေါ်လျက်ရှိပြီး ပဲမျိုးစုံဈေးနှုန်းများသည် ဈေးနှုန်းဖောင်းပွမှု ကိန်းဂဏန်းများ၌ အဓိကကျသည့်အခန်းမှ ပါဝင်လျက်ရှိသည်ဟု အိန္ဒိယဗဟိုဘဏ်က ဖော်ပြခဲ့သည်။ ကမ္ဘာ့ပဲမျိုးစုံ စိုက်ပျိုးမှုနှင့် စားသုံးမှုအကြီးမားဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပဲမျိုးစုံကို ပြည်ပမှ ဆက်လက်တင်သွင်းနေရဦးမည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။

Mytrade မှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *