(၂၉.၄.၂၀၂၄) မှ (၃.၅.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ပြည်တွင်း ပဲ တင် ပို့မယ့် ကွန်တင်နာ တွေ မရှိတဲ့ အပြင် အိန္ဒိယနိုင်ငံတွင်းမှာပါ ပဲ ဈေးတွေ ကျဆင်းနေတာ ဖြစ်လို့ ပြည်တွင်း ပဲ ဈေးတွေ ကျဆင်းနေတာ လို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြထားပါတယ်။

လက်ရှိ မတ်ပဲ ဈေးဟာကျဆင်းနေတယ် ဆိုပေမယ့် ဈေး အများကြီး ကျဆင်းသွားတာမျိုးမဟုတ်ပဲ နေ့စဉ် အရောင်းအဝယ် ပေါ် မူတည်ပြီး ထိန်းရောင်း ထိန်းဝယ် အခြေအနေ ဖြစ်နေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ထွက်နှုန်း လျော့နည်းနေပေမယ့် မပြီးသေးတဲ့ ရွေးကောက်ပွဲ ကြောင့် ပဲ ဈေးကို ထိန်းပြီး ရောင်းနေရတဲ့အခြေအနေရှိနေတာဖြစ်လို့ မတ်ပဲ ဈေးဟာ လက်တလော ကာလ အတွင်း မှာတော့ အတက်အကျ အနည်းငယ်နဲ့သာ အရောင်း အဝယ်ရှိနိုင် ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မတ်ပဲက သင်္ကြန်အပြီး မှာသာ ဈေးပြန်လည် မြင့်တက်ခဲ့တာ ဖြစ်လို့ အိန္ဒိယရွေးကောက်ပွဲ ကာလ အပြီး အိန္ဒိယပဲ ဝယ်ယူမှု ပြန်လည် မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

လက်ရှိမှာလည်း အိန္ဒိယပဲ လိုအပ်ချက်ကြောင့် ပြည်တွင်း ပဲ လှောင် သူ အချို့က ပဲ တွေကို ဆက်လှောင်ထားဖို့ တာဆူနေကြပါတယ်။ ရွေးကောက်ပွဲ ကာလ အပြီး  မတ်ပဲ ဈေး ဆက်တက် ဖို့ အခြေအနေကတော့ အချိန်မရွေးပြောင်းလဲ နိုင်တဲ့ မူဝါဒတွေကြောင့် ခန့်မှန်းရ ခက်တဲ့ အခြေအနေပါ။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲက တစ်တန်ကို ရူပီး ၈၉၅၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၂၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၂၇၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၃၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀  ကျော် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၀၅  မှ ၅၁၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။

မတ်ပဲက လက်ရှိ ဈေးကျဆင်းနေတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိ အချိန်ထိ အတက်ဈေးနဲ့ ပဲ ရှိနေတာ ဖြစ်ပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးကျဆင်းပါတယ်။ပြီးခဲ့တဲ့ အပတ်ကတည်းက‌ ဈေးကျဆင်းနေခဲ့တာ ဖြစ်ပြီး  လက်ရှိ မှာတော့ သိန်း ၄၀ အောက် ရောက်သွားနိုင်မလား ဆိုတာ  စောင့်ကြည့်ရမယ့် အခြေအနေ လည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း အဆမတန် မြင့်တက်နေတဲ့ ပဲ ဈေးနှုန်းကို ထိန်းချုပ်ဖို့ အတွက် တစ်နိုင်ငံလုံး အနှံ့ မြေပြင်ကွင်းဆင်း အရေးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် ပဲ ဈေးဟာ ဆက်တိုက်ကျ ဆင်းနေ ခဲ့တာပါ။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက် ၊နယူဒေလီ ဈေးကွက် မှာ တော့ ၂ ရက်တာ ကာလ ဈေးအဖွင့် မရှိတာကို တွေ့ရပါတယ်။

အိန္ဒိယအစိုးရက ပြည်ပ ကနေ ပဲစင်းငုံနီ တင်သွင်းခွင့်ကို ပေးထားပေမယ့် အိန္ဒိယနိုင်ငံ ပဲ စင်းငုံလိုအပ်ချက် မြင့်မားနေတဲ့အတွက်ကြောင့် ပြည်ပကနေ လည်း ပဲ  အဝင်က နည်းပြီး ပဲစင်းငုံနီ ဈေးဟာ ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၅၈၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင်တော့  ပဲစင်းငုံနီ ဈေးဟာ အတက်ဈေး မှာပဲ ရှိနေဆဲပါပဲ။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ၂ပတ်တာကာလ အတွင်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်း ဝယ်ရောင်း အခြေအနေ ကလည်း ငြိမ်နေတယ်လို့သိရပါတယ်။လက်ရှိ ဈေးငြိမ်နေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် သိုလှောင် မယ် ဆိုရင်တော့ ဒီအခြေအနေက ဝယ်ယူသိုလှောင်သင့်တယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေ စပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ပုံမှန် သင်္ကြန်ကာလ အပြီး ဈေးငြိမ်နေပေမယ့် မေလ ကုန် ဇွန် လဆန်းပိုင်းလောက် အတက်ဈေး ရှိနေခဲ့တာပါ။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာ လည်းပဲတီစိမ်း(အညာ)ကလည်း တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၅၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ရန်ကုန်ဈေးကွက်ရောနယ်ဈေးကွက်တွေ မှာပါ ဈေးက ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ပုံမှန် အဝင် တွေ ရှိပေမယ့် အရောင်းအဝယ်နည်းပြီး ဈေးကျဆင်းသွားတာ လို့ ကုန်သည် အချို့က ပြောပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀  မှ ၄၁၇၀ တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၃၃၀   မှ ၄၅၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်း ကလည်း  တစ်ပိဿာကို ၅၆၅၀  မှ ၆၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၅၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၃၀၀၀  မှ ၂၃၅၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၃၅၀၀ကျပ်မှ ၂၂၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးမြင့်တက်လာပါတယ်။မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ဖွင့်ပြီး တင်ပို့မှု ရှိနေပြီ ဖြစ် လို့ ဈေးပြန်လည် မြင့်တက်နေတာလို့ သိရပါတယ်။

ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့် တောင်သူ့လက်ထဲ မှာတော့ ပြောင်းတွေ မရှိတော့ဘူးလို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကြားရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁၅၀၀  ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၁၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲကြီး၊ထောပတ်ပဲ

ပဲကြီးနဲ့ ထောပတ်ပဲကတော့ နေ့စဉ် အဝင်ပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပေမယ့် အနည်းငယ်သာ အတက် အကျ ရှိနေပါတယ်။

အသေးစတွေ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ် နေပြီး ခြုံကြည့်ရင်တော့ တစ်ပတ်တာလုံး ဈေးငြိမ်နေတဲ့ အခြေအနေ ဖြစ်ပါ တယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကို ၅၄၈၅ မှ ၅၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၀ ကျပ်ဈေးမြင့်တက်လာပေမယ့် ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၇၈၀ မှ ၄၉၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။ထောပတ်ပဲကတော့ တစ်ပိဿာကို ၅၁၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၆၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် အကြီးက ၅၀၀၀လောက် ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့  တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

ထောပတ်ပဲကလည်း တစ်အိတ်ကို ၂၉၅၀၀၀ မှ ၃၄၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အကြီးဈေးက ၅၀၀၀ ကျပ်ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးမြင့် တက်လာခဲ့ပါတယ်။

စားတော်ပဲ

ပြည်တွင်းစားတော်ပဲ ကတော့ ဈေးကွက်အတွင်း အနည်းငယ် မြင့်တက်ပေမယ့် ပြည်ပကနေ တင်သွင်းတဲ့ စားတော်ပဲ ကနေဒါကတော့ ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ ပြည်တွင်း ပဲ ရောပြည်ပ ပဲက ပုံမှန် အဝင်ရှိနေတဲ့အတွက် စားတော်ပဲ ဈေးက လက်ရှိ ကာလ အတွင်း အကျ ဈေးနဲ့ ပဲ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅၁၆၅ မှ ၅၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ စား‌တော်ပဲ (ကနေဒါ)ကတော့ တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ပြီးခဲ့တဲ့ အပတ်က တည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးထပ်မံ မြင့်တက်လာပါတယ်။ပြည်တွင်း အပြင် ပြည်ပ ဈေးကွက် ဖြစ်တဲ့ ဗီယမ် နမ် နဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့ရောင်းချနေရတာ ဖြစ်တဲ့အတွက် ဈေးက မြင့်တက်နေတာ လို့သိရပါတယ်။

နေ့စဉ် ဈေးကွက်ထဲ ကို နယ်စုံ ကနေ အဝင် ပိဿာချိန် ၃ သိန်း အထိ ရှိနေပေမယ့် အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်လို့ တောင်သူတွေ အနေနဲ့ ဈေးမကျဆင်းအောင် ထိန်း တင်ပို့တာတွေ လုပ်ဆောင်သင့်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၆၀၀ မှ ၂၆၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၇၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်နဲ့ အခြား မင်းဘူး၊မြင်းခြံ၊ရွှေဘိုတို့ကလည်း တစ်ပိဿာကို ၁၄၀၀ ကနေ ၂၇၅၀ ကြား ရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။

ငရုတ်

ဝယ်ယူမယ့် သူ မရှိလို့ စိုက်စရိတ်ပါ ရှုံးနေတဲ့ငရုတ်က ဒီတစ်ပတ် ဈေးအနည်း ငယ်ပြန်မြင့် တက်လာပါတယ်။ မြဝတီကုန်သွယ်ရေး လမ်းကြောင်း ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်လို့ အဝယ်အနည်းငယ်ရှိပြီး ဈေးပြန်လည် မြင့်တက်လာတယ်လို့ လည်းသိရပါတယ်။ ဒါပေမယ့် အကျ ဈေးနဲ့ အခြောက် အမှုန့် လုပ်သူတွေ က ဝယ်ယူမှု တွေ ရှိနေလို့ ဈေးပြန်လည် လှုပ်ခတ်လာတာလို့လည်း ဆိုကြပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဈေးမြင့်တက်လာပါတယ်။မြှားနီကတော့တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ငရုတ်ပန်းရဲ ကတော့ တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်

မေမီမောင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *