ရန်ကုန်-မော်လမြိုင်ကားလမ်းက ကျုံအိတ်တံတား ဖျက်စီးခံလို့ ကုန်သွယ်ရေးယာယီပြတ်တောက်သွား

မွန်ပြည်နယ်၊ သထုံအဝင် ရွှေရောင်ပြရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်း ပေါ်က ကျုံအိတ်တံတား ဒီနေ့မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက ပျက်စီးသွားတာကြောင့် လမ်းမှာကားတွေပိတ်မိနေသလို ကုန်သွယ်ရေးလမ်းကြောင်းလည်းပြတ်တောက်သွားပြီဖြစ်တယ်လို့သိရပါတယ်။

ကျုံအိတ်တံတား ရဲ့ ဘယ်ညာမှာရှိတဲ့ သံကွန်ကရစ်တံတားနဲ့ ဘေလီတံတား နှစ်စင်လုံး ထက်ပိုင်းကျိုးကျပြီး သွားလာမရအောင်ပျက်စီးသွားတာကြောင့် ရန်ကုန်ကနေ မော်လမြိုင်၊ မြဝတီကို ကုန်ကားတွေသွားလာ၍မရတော့တဲ့အတွက် လတ်တလောမှာ ကုန်သွယ်ရေးတွေပြတ်တောက်သွားရတာဖြစ်ပါတယ်။

” တံတားကျိုးသွားပြီဆိုတော့ လောလောဆယ်ကားတွေသွားလို့မရတော့ဘူး၊အကုန်ရပ်သွားတဲ့သဘောပေါ့။တံတားကတော့ချောင်းကူးတံတားဖြစ်လို့သိပ်တော့မကျယ်ဘူး၊တံတားပြင်ပြီးမှပဲ ကုန်သွယ်မှုစနိုင်မယ့်အခြေအနေရှိတယ်၊ပစ္စည်းတွေ လှေဘာညာနဲ့သယ်ဖို့ကလည်း ပြေမပြေ မပြောနိုင်ဘူး၊ကထိကရများတယ်” လို့ မြဝတီကိုကုန်ပို့နေတဲ့ ကုန်သည်တစ်ဦးကပြောပါတယ်။

ကျုံအိတ်တံတားကို ဖြတ်ပြီးမှ ရန်ကုန်ကနေ မော်လမြိုင်ကိုသွားလာကုန်သွယ်ရခြင်းခြင်းသလို မြဝတီကိုလည်း ယင်းတံတားကိုသာဖြတ်ပြီးသွားရတာဖြစ်တဲ့အတွက် လက်ရှိမှာ ကုန်စည်စီးဆင်းမှုကရပ်တန့်သွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မြဝတီနယ်စပ်ကနေ ထိုင်းကို ကုန်ပစ္စည်းတင်ပို့မှု ရပ်သွားသလို ထိုင်းကနေတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေလည်း ရန်ကုန်ကိုသယ်ယူနိုင်ခြင်းမရှိဘဲ ကုန်သွယ်မှုယာယီပြတ်တောက်သွားပြီဖြစ်တယ်လို့သိရတယ်။

မြဝတီကနေ ထိုင်းကို ငရုတ်သီးအစို၊ ကြက်သွန်၊ ပြောင်းအပါအဝင် လယာထွက်ကုန်အချို့တင်ပို့ပြီး ထိုင်းကနေတင်သွင်းမှုအနေနဲ့က အိမ်ဆောက်ပစ္စည်း၊ CMP ကုန်ကြမ်း၊စာရေးကိရိယာ၊လျှပ်စစ်ပစ္စည်း အပါအဝင် ပစ္စည်းအချို့ကိုတင်သွင်းတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *