ပြည်တွင်းဆန်စျေးမြင့်တက်လာပေမယ့် အရောင်းအဝယ်အေးနေ

ပြည်တွင်းဆန်စျေးကွက်မှာ သကြင်္န်ပြီးကတည်းက ဆန်အသစ်၊အဟောင်းစျေးအားလုံး မြင့်တက်လာပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လျှပ်စစ်မီးမမှန်ခြင်းကြောင့် ဆန်စက်တွေအနေနဲ့ ဆန်ကြိတ်ခွဲမှုကို မီးစက်သုံးစွဲရလို့ ထုတ်လုပ်မှုလျော့ကျခြင်း၊ လုပ်သားအင်အားရှားပါးခြင်း စတဲ့ကုန်ကျစရိတ်တွေကြောင့်ဆန်ကြိတ်ခွဲမှုလျော့ကျပြီး ဆန်စျေးနှုန်းတွေက မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ဆန်စက်တွေ လည်ပတ်ဖို့ကအရမ်းခက်ခဲလာတယ်၊ မီးက ပုံမှန်ပေးချိန်မရှိတော့ဘူး၊သူပေးချင်တဲ့အချိန်ပေးတယ်၊နေ့ခင်းဘက်ဆိုမီးမလာတာများနေပြီ၊ညဆိုရင်လည်း ၁၂ နာရီ၊၁ နာရီထိုးလောက်မှ ပေးတယ်ဆိုတော့အရမ်းဒုက္ခရောက်တယ်။မီးမလာချိန်မီးစက်သုံးရတာရှိတယ်၊ဒီတော့ကုန်ကျစရိတ်ကများတယ်၊ကုန်ကျစရိတ်မြင့်တော့ဆန်စျေးကလည်းမြှင့်ရောင်းရတဲ့အခြေအနေရှိတယ် ” ပဲခူးတိုင်းအနောက်ပိုင်း ဆန်စက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဆန်ကြိတ်ခွဲမှုကုန်ကျစရိတ်မြင့်တက်လာတာကြောင့် ဆန်ကြိတ်ခွဲမှုလည်းပုံမှန်ထက်လျော့ကျနေလို့ ရန်ကုန်ကို နယ်ဆန်အဝင်တွေလည်း လျော့ကျလာပြီး ဆန်စျေးကပါမြင့်တက်လာ တာဖြစ် ပါတယ်။

ဆန်စျေးမြင့်တက်နေပေမယ့် ဆန်အရောင်းအဝယ်ကတော့ အေးနေကြောင်း၊ စစ်ဖြစ်တဲ့ဒေသတွေကိုလည်း ဆန်တွေတင်ပို့ရောင်းချနိုင်မှုမရှိတဲ့အတွက် ပြည်တွင်းဆန်ဝယ်လိုအားက တဖြေးဖြေးလျော့ကျလာနေတာဖြစ်တယ်လို့သိရပါတယ်။

” ဆန်စျေးတွေက တကျော့ပြန်ထပ်တက်လာတာပေါ့။ရန်ကုန်ကိုဆန်အဝင်တွေနည်းတယ်။ဆန်စက်တွေလည်း ကြိတ်ခွဲမှုလျော့တော့ မပို့နိုင်ကြဘူး။မီးကမမှန်တော့ ကုန်ကျစရိတ်အပိုတွေထပ်သုံးရတော့ နောက်ဆုံးဒီဆန်အိတ်ပေါ်မှာပဲ အကုန်စုသွားတာ၊ဆိုတော့ နောက်ဆုံးဒီဒဏ်တွေခံရတာ စားသုံးသူပဲ ၊ကျွန်တော်တို့ကတော့ ဝယ်ရတဲ့စျေးတက်ရင်ဘတက်ရောင်းမယ်၊ကျရင်ချရောင်းမယ်” လို့ ရန်ကုန်အခြေစိုက် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိ ရန်ကုန် ဆန်လက်ကားစျေးကွက်မှာ ဆန်ကြမ်းအုပ်စုဝင် မနောသုခရှယ်၊အညာသားရှယ်၊ဇီယာ၊ရက် ၉၀ ၊ငစိန်အပါ ဆန်ကြမ်းအသစ်တွေက ၁၀၈ ပေါင်တစ်အိတ်ကို အနိမ့်ဆုံး ၈၀၀၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိစျေးရှိနေတယ်လို့သိရပါတယ်။

ဆန်ချောအုပ်စုဖြစ်တဲ့ ပေါ်ဆန်းလတ် ၊ဧရာဝတီပေါ်ဆန်း၊ရွှေဘိုပေါ်ဆန်း၊မြောင်းမြပေါ်ဆန်း၊တောင်ပျံမွှေး၊ကျားပျံရှယ်၊စလင်းဧရာပဒေသာရှယ် ဆန်ချောအသစ်တွေက ၁၀၈ ပေါင်တစ်အိတ်ကို အနိမ့်ဆုံး ၁၁၀၀၀၀ ကျပ်မှ ၁၆၀၀၀၀ အထက်အထိရှိစျေးရှိနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းကထုတ်ပြန်တဲ့ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၂၅၀၀၀ မှ ၁၃၅၀၀၀ ကျပ်သာရှိပြီး ကျားပျံရှယ်က ၁၀၀၀၀၀ မှ ၁၁၅၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းက ၁၀၀၀၀၀ မှ ၁၁၀၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်းနဲ့ပေါ်ဆန်းနယ်စုံက က ၁၀၀၀၀၀ မှ ၁၁၀၀၀၀၀ ကျပ်စျေးရှိပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *