ပြောင်းဆံ အိန္ဒိယ စျေးကွက်ကိုပါတင်ပို့မှုရှိလို့ တစ်ပိဿာ ၆၀ ကျပ်ပြန်တက်လာ

မြန်မာ့ ပြောင်းဆံကို အိန္ဒိယ နိုင်ငံစျေးကွက်ထဲ  တင်ပို့မှုရှိနေတာကြောင့် ပြည်တွင်းမှာ ပြောင်းဆံစျေး တစ်ပိဿာကို ၆၀ ကျပ်လောက် အတက်ပြလာတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းက‌ နေသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်လောက်တုန်းက ပြောင်းဆံ တစ်ပိဿာကို ရန်ကုန်စျေးကွက်မှာ ၁၀၆၀ ကျပ်မှ ၁၀၈၀ ကျပ်သာရှိပြီးလက်ရှိ မေလ ၁၃ ရက်မှာတော့ ပြောင်းဆံ တစ်ပိဿာကိုရန်ကုန်အရောက်စျေး ၁၁၂၀ မှ ၁၁၄၀ ကျပ်အထိ မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

” အိန္ဒိယစျေးကလည်းကောင်းပါတယ် ထိုင်းစျေးနဲ့ မတိမ်းမယိမ်းပါပဲ၊အခုပြောင်းစျေးတစ်ပိဿာကို၅၀ ၊၆၀ လောက်တက်ပါတယ်။အိန္ဒိယက သူ့စားနပ်ရိက္ခာလိုအပ်ချက်အရပေါ့ သူတို့ဝယ်နေသမျှတင်ပို့မှုရှိနေမယ်၊စာချုပ်နဲ့တော့မဟုတ်ဘူး ” လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဖြိုးကိုကိုက ပြောပါတယ် ။

အိန္ဒိယ နိုင်ငံစျေးကွက်ကိုတော့ အခု၂၀၂၄ ခုနှစ်မှာမှ  ပြောင်းဆံစတင် တင်ပို့ခြင်းဖြစ်ပြီး စျေးနှုနိးအနေနနဲ့လည်း ထိုင်းစျေးကွက်နဲ့အိန္ဒိယစျေးကွက်သည် အပြိုင်အဆိုင်သဘောရှိတာကြောင့် ကုန်သည်တွေအတွက် အဆင်ပြေတယ်လို့သိရပါတယ်။

ပြောင်းဆံစျေးက ရန်ကုန်အရောက်စျေး ၁၁၄၀ ကျပ်အထိရှိလာပေမယ့် ရှမ်းပြည်နယ်မှာတော့ နယ်မြေမအေးချမ်းတဲ့ဒေသတွေမှာ ပြောင်းဆံတစ်ပိဿာကို ၇၀၀ ကျပ်လောက်သာရရှိနေတာကြောင့် ပြောင်းတောင်သူတွေ အရှုံးတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

ဧရာဝတီတိုင်းက ပြောင်းစိုက်တောင်သူတွေကတော့ လမ်းပန်းဆက်သွယ်ရေးရော နယ်မြေအခြေအနေပါအေးချမ်းတာကြောင့် ပြောင်းတစ်ပိဿာကို ၁၀၀၀ ကျပ်အနည်းဆုံးစျေးရရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာပြောင်းကို ထိုင်းနိုင်ငံ၊ဖိလစ်ပိုင်၊အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံအချို့ကိုရေကြောင်း၊နယ်စပ်လမ်းကြောင်းကနေ တင်ပို့နေပြီး အများဆုံးတင်ပို့တဲ့နိုင်ငံက ထိုင်းနိုင်ငံဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဆိုရင် ပြည်ပကို ပြောင်းဆံ တင်ပို့မှုအနေနဲ့ လျာထားချက်ထက်ကျော်လွန်ပြီး တန်ချိန် ၄ သိန်းဝန်းကျင်အထိတင်ပို့ကာအမေရိကန်ဒေါ်လာ ၈၈ သန်းကျော်ရရှိခဲ့တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *