လာမယ့်အပတ် ရန်ကုန်အပါအဝင် ဒေသအချို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်နိုင်

လာမယ့် အပတ်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးပြီး လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ 

မေလ ၂၀ ရက်နောက်ပိုင်းမှာ မြန်မာပြည်တောင်ပိုင်းကို မုတ်သုံစတင်ဝင်ရောက်မှာဖြစ်တဲ့အပြင် ကျန်တဲ့ဒေသတွေမှာပါ အပူချိန်လျော့ပြီးမိုးတွေရွာနိုင်ခြင်း၊လေဖိအားနည်းရပ်ဝန်းက အားကောင်းလာခြင်းတွေကြောင့် ဒေသအချို့မှာ မိုးကြီးပြီး ၊လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

” ၂၂ ရက်ကနေ ၂၅ ရက်အတွင်းရန်ကုန်တိုင်း နဲ့ ဧရာဝတီ တိုင်းမှာ မိုးကြီးတာတွေ ဖြစ်နိုင်တယ်။တနင်္သာကမ်းရိုးတန်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်တယ်၊အညာမှာလည်းအပူချိန် လျော့မိုးတွေရွာပါမယ် ” လို့ စုစုစံက တွက်ချက်ပြောဆိုထားပါတယ်။

မိုးကြီးခြင်း၊ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းဖြစ်ပေါ်နိုင်တဲ့ဒေသတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေဖြစ်ပြီး မိုးများစွာရွာသွန်းနိုင်တဲ့ဒေသတွေကတော့ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းတို့ဖြစ်တယ်လို့သိရပါတယ်။

ကျန်တဲ့ မကွေးတိုင်း ၊မန္တလေးတိုင်း၊ နေပြည်တော် ၊ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာလည်း အပူချိန်လျော့ကျနိုင်မယ့်  မိုးအသင့်အတင့်ရွာသွန်းနိုင်တယ်လို့သိရပါတယ်။

လာမယ့်အပတ်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်မယ့်အခြေအနေနဲ့ပတ်သက်လို့ကတော့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကိုစောင့်ကြည့်နေဆဲသာဖြစ်လို့ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်ခြင်းရှိမရှိ အတိကျမပြောနိုင်သေးပေမယ့် မြန်မာပြည်တောင်ပိုင်းကို မုတ်သုံစတင်ဝင်ရောက်မှာဖြစ်လို့မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။

” မေလက မုန်တိုင်းဖြစ်ပေါ်တတ်တဲ့ကာလဖြစ်ပေမယ့် လက်ရှိကတော့ အတိအကျမပြောနိုင်သေးဘူး။ မိုးဇလအနေနဲ့တော့ မုန်တိုင်းဖြစ်နိုင်ကြောင်းထုတ်တာမရှိသေးဘူး။မုန်တိုင်းဖြစ်မလားမသိသေးပေမယ့် မုတ်သုံဝင်မှာမို့ မိုးကတော့ရွာမယ်၊မုတ်သုံအဝင်ကတော့ကြမ်းတမ်းတဲ့သဘောရှိတော့လေတိုက်တာတွေရှိနိုင်တယ်၊မိုးများနိုင်တယ်၊ ” လို့ပြောပါတယ်။

အလားတူမိုးလေဝသ အချက်အလက်တွေခန့်မှန်းပေးနေတဲ့ဦးဝင်းနိုင်ကတော့ ရခိုင်ပြည်နယ် ကိုမုန်တိုင်းတိုက်ရိုက်ဝင်နိုင်ချေမရှိတော့သလို မြန်မာပြည်ကိုလည်းမုန်တိုင်းဝင်ရောက်နိုင်ချေမတွေ့ရဘူးလို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းကို မေလ ၂၀ ရက်နောက်ပိုင်းကစပြီး၂၆ ရက် နေ့အတွင်းမှာ မုတ်သုံဝင်ရောက်နိုင်ပြီး မိုးရွာသွန်းနိုင်ကြောင်း၊ တစ်နိုင်ငံလုံးကိုမုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့  ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးဇလက ခန့်မှန်းထားပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *