(၁၃.၅.၂၀၂၄) မှ (၁၇.၅.၂၀၂၄)ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ ဈေးမြင့်တက်လာပါတယ်။ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း မြင့်တက် လာတဲ့အတွက် ပဲဈေးတွေက မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း မှာတော့ အရောင်းအဝယ်က ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်နေပါပြီ။မကြာခင် ကာလ အတွင်း ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀၀ အထိ တင်သွင်းနိုင်မယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြ ချက် အရ သိရပါတယ်။ပြီးခဲ့တဲ့ နှစ်တွေက ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀ လောက်သာ တင်သွင်းခဲ့တာ ဖြစ်တယ် အတွက် ၁၀ဆ လောက် ပိုမို တင်သွင်းနိုင်ဖို့ မျှော်မှန်းထားတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မတ်ပဲ တင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်တွေ နဲ့ ယှဉ်ရင် ၁၉ ရာခိုင်နှုန်းထိ မြင့်တက်လာ ခဲ့ပြီး အထွက်နှုန်းကလည်း ၂.၅၅ သန်း ရှိမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့နည်းတဲ့အခြေအနေ ဖြစ်ပါတယ်။ဈေးကွက်အတွင်း မတ်ပဲ လိုအပ်ချက် များပြား နေပြီး ဈေးမြင့်တက်နေတာတွေကြောင့် အိန္ဒိယအစိုးရ ကတော့ မြန်မာ အပြင် အခြား ဘရားဇီး နိုင်ငံ ၊အာဂျင်တီးနား နိုင်ငံ တွေကပါ အများ အပြား တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ  က တစ်တန်ကို ရူပီး ၉၀၂၅  ပေါက်ဈေးရှိနေပြီး ၇၅ ရူပီးလောက် မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၃၂၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၇၂၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၅၀၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၂၀၀၀  ကျပ်  ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၅၅  မှ ၅၂၉၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၉၅ မှ ၁၀၁၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၉၀ ဒေါ်လာ မြင့်တက်လာပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း  ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ငွေလဲလှယ်နှုန်း မြင့်တက်လာမှု နဲ့ အတူ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။တစ်ပတ်အတွင်း အတက်အကျ တွေ တည်ငြိမ်မှု မရှိ တဲ့အတွက် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

 အိန္ဒိယနိုင်ငံ မှာတော့ ၂ ပတ်နီးပါး ဈေးမဖွင့် ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးဖွင့် ပါတယ်။ ရွေးကောက်ပွဲ အခြေအနေ ကြောင့် ပဲစင်းငုံနီ လှောင်လက်တွေကို တင်းကြပ်စွာ စစ်ဆေးနေတာတွေ ကြောင့် ဈေးကွက် အတွင်း အေးနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၁၀၀ ရှိနေပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၀၀ မှ ၁၃၂၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၂၅၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၆၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပြည်တွင်း ငွေကြေးဖောင်းပွ မှု အခြေအနေတွေကြောင့်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေ ရှိမရှိကတေ့ာ ခန့်မှန်းရ ခက်တဲ့အခြေအနေတွေ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်း ကတော့ ရန်ကုန် ဈေးကွက်မှာ ဝါးခယ်မ က ဈေးမြင့်တက်လာပြီးတော့ နယ်ဈေးကွက်တွေ မှာတော့ အသစ်ပဲ တွေ အဝင်များလာတဲ့အတွက် အနည်းငယ်ဈေးအေး ဈေးကျသွား ပါတယ်။အဟောင်းတွေကတော့ အရည်သွေး ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိလို့ အသစ်ကို ဝယ်ယူနေတယ်လို့ ဆိုပေမယ့် ပဲ တီစိမ်း က တော့ လာမယ့် ကာလ အတွင်း အတက်ရှိနိုင်လို့ ကြိုတင်ဝယ်လှောင်ကြ တာလို့လည်း သိရပါတယ်။အများစုကတော့ ရောင်းထုတ်ပြီးသား ဖြစ်လို့ တောင်သူတွေ လက်ထဲ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၅၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၇၅၀၀၀ ကနေ ၁၈၂၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာ ဈေးကွက်မှာ လည်း ပဲတီစိမ်း အသစ် တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၁၂၀၀ ရှိပြီး ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအတက်အကျ အပြောင်းအလဲ သိပ်မရှိပဲ ဈေးကွက်ထဲ ငြိမ်နေပါတယ်။ပို့ကုန် မရှိတဲ့ အပြင် ဈေးကွက်ထဲ အဝင်ကလည်း ပုံမှန်ရှိနေတဲ့ အတွက် ဈေးက ငြိမ်နေတာ ဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်း ဈေး အပြောင်းအလဲ ရှိနေပေမယ့် လည်း အရောင်းအဝယ် အေး ဈေးအေးနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀  မှ ၄၁၇၀ ကျပ် ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၂၅၀   မှ ၄၄၂၀ ရှိပြီး ဈေးငြိမ်ပါတယ်။  ကုလားပဲခြမ်း ကလည်း  တစ်ပိဿာကို ၅၄၅၀   မှ ၅၉၀၀ ရှိပြီး တစ်ပိဿာကို ၅၀  ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၀၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၃၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၄၀၀၀ကျပ်မှ ၂၂၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီး ၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၄၇၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ထိုင်းနိုင်ငံ အပြင် အိန္ဒိယနိုင်ငံကပါ ဝယ်ယူမှုတွေ ရှိနေတာ ဖြစ်လို့ ဈေးက ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ပိုင်း အထိ တောက်လျှောက် ဈေးကျဆင်းခဲ့ရာမှာ မေလ ပထမအပတ်လောက်ကနေ စပြီး ဈေးမြင့်တက် နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၁၄၀ မှ ၁၁၆၀ ကြားရှိပြီး တစ်ပိဿာကို ၄၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၅၀၀၀ မှ ၅၅၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၅၀၀၀  မှ ၅၅၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ လောက်ထိ ထပ်မံ မြင့်တက်နေပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ နှစ်ပတ်ဆက်တိုက် ဈေးမြင့်တက်နေပြီး  ပြည်ပ ဝယ်ယူမှု ရှိနေလို့ ဒီတစ်ပတ်မှာတော့ အမြင့်ဆုံး ထိ ဈေးရရှိနေပါတယ်။ ပဲ အဝင်ကတော့ ဈေးကွက် အတွင်း ပုံမှန် နေပ

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၅၇၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၄၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မြေပဲလုံး

မြေပဲလုံး ဈေးတွေ ကတော့ ဈေးကွက်ထဲ ကို အသစ်တွေ အဝင်ရှိနေပြီး ဈေးကလည်း အနည်းငယ်မြင့်တက်နေပါတယ်။  အဖြူလုံးဆံကတော့ ဈေးကွက် အတွင်း အဝင်မရှိသလောက် နည်းပြီး ဈေးမြင့်နေပါတယ်။

လက်ရှိမှာ အဝင်နည်းနေသလို ဆီစက်တွေရဲ့ ဝယ်ယူမှုတွေကြောင့် အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့ သိရပါတယ်။ဈေးကွက်ထဲ အဝင်များလာရင်တော့ အကျဘက်ကို ဦးတည်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ မြေပဲလုံးဆံနီ က တစ်ပိဿာကို ၆၂၀၀ မှ ၇၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ မြေပဲလုံး ဖြူက တစ်ပိဿာကို ၆၉၀၀ မှ ၆၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အကျဈေး နဲ့ ငြိမ်နေပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို ပိဿာချိန် ၂ သိန်း နီးပါး နယ်စုံကနေ အဝင်ရှိနေပါတယ်။အရောင်းထိန်းသင့်တယ်လို့ အကြံ ပြုတာတွေကြောင့် ပိဿာချိန် ၁ သိန်းနီးပါးလောက် အဝင်လျော့သွားခဲ့ပေမယ့် အရောင်းအဝယ် အေးနေတဲ့အတွက် ဈေးက မတက်လာပဲ ငြိမ်နေတာ ဖြစ်တယ်လို့သိရပါတယ်၊။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ပြန်တက်လာပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊မင်းဘူး၊ရွှေဘို တို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၃၀၀ ကနေ ၂၄၀၀ ကြားရှိနေပြီး ဈေးငြိမ်နေပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့  တစ်ပိဿာကို ၁၂၀၀ မှ ၂၀၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၅ ကျပ်‌ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးပြန်မြင့်တက်ပေမယ့်လည်း လက်ရှိမှာ အကျဈေး နဲ့ ပဲ ရှိနေတာ ဖြစ်ပါတယ်။

ငရုတ်

ဆင်ဖြူကျွန်း ငရုတ်ကတော့ အတက်ဈေး နဲ့ ငြိမ်နေခဲ့ပြီး အခြား ငရုတ်တွေ ဖြစ်တဲ့ မြှားနီ ပန်းရဲ ငရုတ်တွေက ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး အဝယ်သွက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ငရုတ်ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၁၁၅၀၀ မှ ၁၂၅၀၀ ပေါက်ဈေးရှိနေပါတယ်။မြှားနီကတော့ တစ်ပိဿာကို ၄၃၀၀ မှ ၄၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပန်းရဲကတော့ တစ်ပိဿာကို ၄၃၀၀ မှ ၄၈၀၀ ပေါက်‌ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *