မိုးစပါးအတွက် ရာသီဥတုအခြေပြု သီးနှံအာမခံလုပ်ငန်းစနစ်ကို ဇွန်လမှာစတင်မယ်

မိုးစပါးသီးနှံအတွက် တောင်သူတွေ သီးနှံ အာမခံထားပြီး လျော်ကြေးရနိုင်မယ့် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံလုပ်ငန်းစနစ်ကို လာမယ့်ဇွန်လကစပြီး လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

ယခုနှစ်မိုးရာသီမှာ စပါးစိုက်ပျိုးတဲ့ ဒေသကတောင်သူတိုင်း သီးနှံအာမခံစနစ် ထားရှိနိုင်မှာဖြစ်ပြီး မိုးစပါးစိုက်ပျိုး ချေးငွေထုတ်ချေးစဥ်မှာ တပါတည်း ပရီမီယံကြေး သွင်းပြီး အာမခံစနစ်ကို ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သီးနှံအာမခံစနစ်သည် မိုးရေချိန်ကို အခြေခံသည့် အာမခံစနစ်၊ ရာသီဥတု ညွှန်းကိန်းကို အခြေပြုတဲ့ Weather Index Insurance ဖြစ်တယ်လို့သိရပါတယ်။

” ရာသီဥတု ပြောင်းလဲမှု၊ မိုးများခြင်း၊ မိုးနည်းခြင်း စတဲ့ အခြေအနေကြောင့် ဆုံးရှုံးမှု တွေ အတွက် အာမခံထားရတဲ့သဘော ပါ။စိုက်ပျိုးရေးလုပ်ငန်းကစွန့်စားရမှုများပါတယ်။တောင်သူတွေအတွက်ရာသီဥတုဖောက်ပြန်တာတွေ၊သီးနှံဆုံးရှုံးတာတွေ၊ ပိုးမွှားရောဂါကျတာတွေ ဒီလဒီလိုဆုံးရှုံးတာတွေကို နိုင်ငံတကာမှာလုပ်ကြပါတယ်။တချို့နိုင်ငံမှာဆိုရင် မိုးခေါင်‌‌ေရရှားတာကိုအာမခံထားကြတယ် ” လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ် ။

မိုးစပါးသီးနှံ အတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံစနစ်ထားမယ်ဆိုရင် အာမခံပရီမီယံကြေးအနေနဲ့ တစ်ဧကကို ချေးငွေရဲ့ ၁ ရာခိုင်နှုန်း ဖြစ်တဲ့ ၁၅၀၀ ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်။

ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံစနစ်ထားရှိသူ တောင်သူရဲ့ စပါးစိုက်ခင်းတွေက ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ရင် ချေးယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေ တစ်သိန်းခွဲကျပ်ကို တောင်သူက ပြန်ဆပ်ဖို့မလိုပဲ မြန်မာ့ အာမခံလုပ်ငန်းက စိုက်ပျိုးရေးဘဏ်ကို ပေးဆပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံစနစ်ကို ပြီးခဲ့တဲ့ ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်တုန်းက ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း သုံးခုမှာပဲ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်မိုးရာသီမှာတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

သီးနှံအာမခံစနစ်ကို မြန်မာ့အာမခံလုပ်ငန်းနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ် ပြီး အဓိကတောင်သူတွေ သီးနှံပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး အကျိုးရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ ၁၂ သန်းကနေ ၁၅ သန်းအထိ ရှိပြီး မိုးစပါးချေးငွေအဖြစ် တစ်ဧကကို နှစ်စဥ် ၁၅၀၀၀၀ ကျပ်နှုန်းထုတ်ချေးပေးနေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *