နွေစပါးတွေ စျေးကွက်ထဲဝင်ရောက်ချိန် စျေးနှုန်း ကျဆင်းလာ

နွေစပါးစိုက်ဧကတွေ နယ်စုံမှာ ရိတ်သိမ်းပြီး စျေးကွက်ထဲဝင်ရောက်မှုရှိလာတာကြောင့် နွေစပါးစျေးကွက် ကျဆင်းနေတယ်လို့ စပါးစိုက်တောင်သူတွေဆီကသိရပါတယ်။

နွေစပါးတွေ မရိတ်သိမ်းခင်အချိန်က စပါးပေါင် ၅၀ တင်း ၁၀၀ ကို ၁၈ သိန်းအထိစျေးရှိခဲ့ပြီး လက်ရှိနွေစပါးတွေ စျေးကွက်ထဲနယ်အစုံကနေဝင်ရောက်ချိန်မှာတော့စပါးတင်း ၁၀၀ ကို ၁၅၅၀၀၀၀ အထိ စျေးကျလာတယ်လို့သိရပါတယ်။

” စပါးမပေါ်ခင်တုန်းကစျေးက ကောင်းတယ်။အခုတစ်ရက်ထက် တစ်ရက်ကျလာတယ်၊ဒီနေ့ ၁၆ ခွဲဆိုရင် နောက်ရက် ၁၆ ၊အခု ၁၅၅၀၀၀၀ ပဲရှိတော့တယ်လို့ပွဲစားကပြောတယ်။စပါးရိတ်တာခဏရပ်ထားတယ်။ပြန်များတက်ဦးမလားလို့လေ စောင့်နေတာ ” လို့ ပဲခူးတိုင်းက နွေစပါးစိုက်တောင်သူ ကိုမင်းမင်းထွန်းကပြောပါတယ်။

နွေစပါး စျေးကွက်က စျေးကျဆင်းနေတဲ့အပြင် ပွဲစားတွေ၊ စက်ပိုင်တွေနဲ့ကုန်သည်တွေက စပါးအရည်အသွေးပေါ်လိုက်ပြီး ရွေးချယ်ဝယ်ယူသလို အဝယ်လည်းအေးတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။

လျှပ်စစ်မီးမမှန်ခြင်းကြောင့် ဆန်စက်တွေမှာစပါးတွေစုပုံနေပြီး မလည်ပတ်နိုင်တဲ့အတွက် စပါးကိုထိန်းပြီးဝယ်ယူနေခြင်း၊ စပါးတွေနယ်စုံကနေထွက်ရှိတာကြောင့် ရောင်းလိုအားများပြီး စျေးကျခြင်း ၊ နွေအကုန်မိုးအကူးကာလဖြစ်လို့ စပါးလှန်းဖို့အခက်အခဲရှိခြင်းစတဲ့အချက်တွေကြောင့်တောင်သူတွေအနေနဲ့ နွေစပါးကိုသိုလှောင်နိုင်သူမရှိဘဲ ချက်ခြင်းရောင်းချရတဲ့အတွက်လည်း စျေးကွက်က ကျလာရခြင်းဖြစ်တယ်လို့သိရပါတယ်။

” အခုရာသီကစပါးလှောင်မယ်ဆို လှန်းဖို့ကမပြေဘူး၊မိုးက ရွာချင်ရင်ချက်ခြင်းရွာ၊ပူချင်ရင်ပူဆိုတော့အလုပ်သမားငှားရခက်တာရယ်၊ရာသီဥတုမမှန်တာရယ်ကြောင့်စပါးလှန်းဖို့မပြေတော့ တောင်သူတိုင်းက ရိတ်ပြီးလယ်ထဲမှာပဲတန်းရောင်းကြတာ၊ဒီတော့စျေးကွက်ကရောင်းလိုအားများတယ်၊ဘယ်ပစ္စည်းမဆိုရောင်းလိုအားများရင် ကျတာထုံးစံပဲ ” လို့စပါးကုန်သည်တစ်ဦးကပြောပါတယ်။

နွေစပါးကိုတော့ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းက ဆည်ရေသောက်ဧရိယာအတွင်းရှိတဲ့ လယ်ဧကတွေမှာသာ စပါးစိုက်ပျိုးမှုအများဆုံးရှိတာဖြစ်ပါတယ်။

နွေစပါး စက်ရိတ်ခတွေကတော့ တစ်ဧကကို ၁ သိန်းကျပ်အောက်ထစ်ရှိပြီး စိုက်ပျိုးစရိတ်အနေနဲ့က တစ်ဧကကို အနည်းဆုံး ၅ သိန်းကျပ်လောက်ကုန်ကျမှုရှိကာ တစ်ဧကကို စပါးတင်း ၈၀ မှ ၁၅၀ အထိ ထွက်နှုန်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေစပါးရိတ်သိမ်းချိန်တုန်းက နွေစပါး တင်း ၁၀၀ ကို အမြင့်ဆုံး ၁၇၅၀၀၀၀ ကျပ်အထိစျေးတန်းရှိခဲ့ပြီးတောင်သူတွေတွက်ချေကိုက်ခဲ့ပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *