(၂၀.၅.၂၀၂၄) မှ( ၂၄.၅.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း အမြင့် ဈေး နဲ့ ရှိနေပါတယ်။ ငွေပြည်တွင်းငွေလဲလှယ်နှုန်းဈေး မြင့်တက်လာတာနဲ့ အတူ ဈေးမြင့်တက်လာ တာ ဖြစ်ပြီး အရောင်းအဝယ်ကတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။ တစ်ပတ်အတွင်း ဈေးမြင့်တက်နေရာက နေ လပြည့် ပိတ်ရက် အပြီးမှာတော့ ဈေးက ပြန်အေးသွားပါတယ်။ ဈေးကွက်အတွင်း ဈေးမြင့်နေမှု ကြောင့် အဝယ်အေးသွားခဲ့ပြီး ဈေးပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ ဝယ်လိုအားမြင့်တက်နေတာ ဖြစ်တဲ့ အတွက် ဈေးက ဆက်ပြီးမြင့်တက် ပါတယ်။အိန္ဒိယအစိုးရ ပဲ ဈေးကျဆင်းအောင် နည်းလမ်း မျိုးစုံ နဲ့ ပြုလုပ်နေပေမယ့် ဈေးကွက်အ တွင်း ပဲ လိုအပ်ချက် ကြီးမားတာ၊အထွက်နှုန်း‌လျော့တာတွေကြောင့် ဈေးက အမြင့်ဈေး မှာ ရှိနေတာ ဖြစ်ပါတယ်။ဈေးကွက်ထဲ မတ်ပဲ အသစ်တွေ ဝင်နေပေမယ့်လည်း ဈေးက ဆက်တက်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ  က တစ်တန်ကို ရူပီး ၉၀၅၀  ပေါက်ဈေးရှိနေပြီး ၂၅ ရူပီး မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၄၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၁၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၅၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၀၀၀  ကျပ်  ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၉၀  မှ ၅၃၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၁၀ မှ ၁၀၃၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၁၅ ဒေါ်လာ မြင့်တက်လာပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးဆက်တိုက်မြင့်တက်လာပါတယ်။ပိတ်ရက်အပြီးတော့ ဈေးကွက်အတွင်း ဆက်တက်လာတာမျိုးမရှိပဲ ဈေးပြန်အေးသွားတဲ့ အခြေအနေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ အတက်ဈေး နဲ့ ရှိနေဆဲပါပဲ။ ငွေလဲလှယ်နှုန်းဈေးကြောင့် မြင့်တက်လာတာ ဖြစ်တဲ့ အတွက် အရောင်းအချို့ ရှိပေမယ့် အဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တက်နေတာ ဖြစ်ပြီး ပဲ လိုအပ်ချက်ကြောင့် ဈေးမြင့်တက်နိုင်မယ့် အခြေအနေရှိတယ်လို့ အိန္ဒိယဈေးကွက်သတင်းတွေ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပဲ ဈေးကျအောင် နည်းမျိုးစုံ နဲ့ လုပ်ဆောင်နေတာ ဖြစ်လို့ ပဲဈေး အခြေအနေက ကာလတို အခြေအနေ မှာတေ့ာ ကောင်းနိုင်ပေမယ့် ကာလလတ် အခြေအနေမှာတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၃၇၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၇၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၂၀ မှ ၁၃၄၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၂၉၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ အတက်ဈေး နဲ့ ငြိမ်နေပြီး နယ်ဈေးကွက်တွေမှာတော့ ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ အသစ်တွေ အဝင်ရှိလာတာနဲ့အမျှ အဝယ်ကလည်း သွက်နေတယ်လို့ သိရပါတယ်။‌ ငွေဈေးကြောင့်လည်း ပဲ ဈေးကို ပိုပြီး မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ပဲတီစိမ်းကတော့ လတ်တလော ကာလ ကတော့ ကျနိုင်ခြေ မရှိသေးဘူးလို့  ကုန်သည်အချို့က ခန့်မှန်းထား ကြပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်နဲ့ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၅၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၉၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာ ဈေးကွက်မှာ လည်း ပဲတီစိမ်း အသစ် တစ်တင်းကို ၆၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၂၂၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲ ကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးအနည်းငယ်ပြန်မြင့်လာပါတယ်။ ဝယ်ယူမှု များ လာတဲ့ အတွက်ကြောင့် ဈေးမြင့်တက်လာတာ မဟုတ်ပဲ ငွေဖောင်းပွမှုကြောင့် ပဲ ဈေး မြင့်တက်လာ တာ ဖြစ်တဲ့ အတွက် ဝယ်ယူမှု အေးပေမယ့် အမြင့်ဈေးနဲ့ ရောင်းချမှုတွေကတော့ ရှိတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀  မှ ၄၂၅၀ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၂၅၀   မှ ၄၄၂၀ ရှိပြီး ကုလားပဲခြမ်း ကလည်း  တစ်ပိဿာကို ၅၄၅၀   မှ ၅၉၀၀ ရှိကာ ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၇၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈၀၀၀ကျပ်မှ ၂၂၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၅၇၀၀၀ ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ လက်ရှိမှာ ဆက်တိုက်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ဆက်ပြီး မြင့်တက်ဖို့ မျှော် လင့်နေကြပေမယ့် လက်ရှိ ငွေကြေးဈေးကြောင့် လည်း ဈေးမြင့်တက်နေတာ ဖြစ်လို့ ဈေးက အများကြီး ဆက်ပြီး တက်နိုင်ခြေ နည်းနိုင်ပါတယ်။ထိုင်းနိုင်ငံတင်ပို့မှုက လက်ရှိ လမ်းခရီးအခက်အခဲ ကြောင့် တင်ပို့မှု နည်းနေပေမယ့် ရေကြောင်းကနေတဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပါ အဝယ်ရှိနေတာ ဈေးက မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၂၃၀ မှ ၁၂၅၀ ကြားရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၈၅၀၀ မှ ၅၉၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၈၅၀၀  မှ ၅၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ မှ ၁၅၀၀ ကြား  ထပ်မံ မြင့်တက်နေပါတယ်။

ထောပတ်ပဲ

ပြည်ပ ပို့ကုန်ပဲ ဖြစ်တဲ့ ‌ထောပတ်ပဲကလည်း ပြည်တွင်း ငွေကြေးဈေး ကျဆင်းတဲ့အတွက်ကြောင့် ဈေးက မြင့်တက်နေတာ ဖြစ်ပြီး ဝယ်လိုအားထက် ရောင်းလိုအားက မြင့်တက်နေတယ်လို့ ကုန်သည် အချို့ထံကနေ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၆၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၇၀၀၀၀ မှ ၄၁၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များနေပေမယ့် ဈေးမြင့်တက်နေတဲ့ အခြေအနေပါ။နယ်စုံ ကနေလည်း အဝင်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အထိ အကျဈေးနဲ့ငြိမ်နေပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲကို အဝင် နေ့စဉ် ၂ သိန်း နီးပါး အဝင်ရှိနေပါတယ်။အရောင်းအဝယ်ကတော့ ပုံမှန် ရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၆၀၀ မှ ၂၃၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် တက်လာပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊မင်းဘူး၊ရွှေဘို၊မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၅၀၀ ကနေ ၂၅၀၀ ကြားရှိနေပြီး ၁၀၀ ကနေ ၂၀၀ ကြားဈေးတက်လာပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့  တစ်ပိဿာကို ၁၂၀၀ မှ ၂၁၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀  ကျပ်‌ဈေးပြန်မြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြီးခဲ့တဲ့အပတ်နဲ့ယှ ဉ်ရင် ဈေးကွက်ထဲ အဝင်နည်းသွားပေမယ့် အဝင်ရှိသလောက် အဝယ်လည်း ရှိနေတဲ့ အတွက် ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲ ကို နေ့စဉ် အဝင် ပိဿာချိန် ၃၀၀၀၀ နီးပါး ရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၉၀၀၀ ကနေ အမြင့်ဆုံး ၁၀၅၀၀ ထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မေလ အစနဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၂၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ငရုတ်

ဈေးကွက်ထဲ မှာတော့ မြှားနီ နဲ့ပန်းရဲက နေ့စဉ် အဝင်ရှိနေသလို အဝင်ရှိလောက် အရောင်းအဝယ် ဖြစ်နေတဲ့အတွက်ဈေးက ဆက်တိုက်မြင့်တက်နေပါတယ်။ဆင်ဖြူကျွန်းပုကတော့ လက်ရှိမှာ အတက်ဈေး နဲ့ ငြိမ်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မြှားနီက တစ်ပိဿာကို ၄၈၀၀ မှ ၅၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပန်းရဲကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၈၀၀ ပေါက်‌ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ငရုတ်ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၁၁၅၀၀ မှ ၁၂၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

အာလူး

ဈေးကွက်ထဲ ရှမ်းအာလူးတွေက အနည်းငယ်သာ ရှိပြီး ဘုရင့်နောင်ဈေးကွက်ထဲ မှာတော့ တရုတ်အာလူး တွေသာ ဈေးဖွင့်ပါတယ်။ဈေးကွက်ထဲ အဝင်များပေမယ့် အရောင်းအဝယ်သွက်နေတဲ့ အတွက်ဈေးက မြင့်တက်နေပါတယ်။ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကွက်ထဲ ဈေးငြိမ်နေတာ ဖြစ်ပြီး ငွေကြေးဈေးကြောင့်လည်း ဈေးအနည်းငယ်မြင့်လာတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူး က တစ်ပိဿာကို ၁၈၀၀ မှ ၂၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *