နို့စားနွားမွေးမြူရေးအပါအဝင် မွေးမြူရေးလုပ်ငန်းအမျိုးစားလေးမျိုးကို ငွေကျပ် ၁၂ ဘီလီယံထုတ်ချေးမယ်

ရန်ကုန်တိုင်းအပါအဝင်  တိုင်းနဲ့ပြည်နယ် ၉ ခုအတွင်း လုပ်ကိုင်နေတဲ့  မွေးမြူရေးအမျိုးအစား လေးမျိုးကို ငွေကျပ် ၁၂ ဘီလီယံ ထုတ်ချေးပေးသွားမယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(နေပြည်တော်)က သိရပါတယ်။

ချေးငွေရယူနိုင်မယ့် မွေးမြူရေးလုပ်ငန်းက  အသားတိုးနွားမွေးမြူရေးလုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းနဲ့ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ ဖြစ်တယ်လို့သိရပါတယ်။  

” အခုထုတ်ချေးမယ်ကဏ္ဍတွေက ခုနောက်ပိုင်းလုပ်ကိုင်သူ နည်းလာတယ်၊ဒါကြောင့် ချေးငွေထုတ်ပေးပြီး ပြန်ဆွဲဆောင်တယ်ထင်တယ်။နို့စားနွားဆိုလည်းသိပ်မရှိဘူး ၊တွက်ချေမကိုက်ကြတော့ အကောင်ရေလျော့တာတွေမျိုးပေါ့ ” လို့ ရန်ကုန်ကနို့စားနွား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

အဆိုပါ မွေးမြူရေးချေးငွေ ထုတ်ပေးမယ့် ဒေသတွေက  နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်း၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ မကွေးတိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်  နဲ့ မွန်ပြည်နယ်  တို့ဖြစ်တယ်လို့သိရပါတယ်

အဆိုပါ  မွေးမြူရေးလုပ်ငန်းတွေထဲကမှ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီသူတွေ  ကို လာမယ့် ဇွန်လကစပြီး အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးသွားမှာဖြစ်ပြီး  နို့စားနွားမွေးမြူရေးလုပ်ငန်းကို ချေးငွေကာလအနေနဲ့ နှစ်ရှည်ချေးငွေအဖြစ် ကာလ ၃နှစ်အထိထားကာ ချေးပေးသွားမယ်လို့သိရပါတယ်။

အသားတိုး နွားမွေးမြူရေးလုပ်ငန်းနဲ့  ဥစားကြက်နဲ့ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူကိုတော့ ချေးငွေ ကာလ ၂နှစ်သတ်မှတ်ပြီး  ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကတော့ ဝက်မွေးမြူရေး၊ ကြက်နဲ့ဘဲ မွေးမြူရေးလုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေ ထုတ်ချေးမည့်ပုံစံမှာ ဝက် တစ်ယူနစ် (ခေါ်) ဝက်ကောင်ရေ ၁၀၀ အတွက်ကို ချေးငွေ ကျပ်သိန်း၃၅၀နှုန်း ဖြစ်ပြီး ကြက်နဲ့ ဘဲမွေးမြူသူတွေကို  တစ်ယူနစ် ( ခေါ်) ကြက် ၊ ဘဲ အကောင်ရေ ၃၀၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ နှုန်း ထုတ်ချေးခဲ့တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *