စားအုန်းဆီရည်ညွှန်းဈေး တက်လာလို့ ပြင်ပစျေးကွက်မှာပါ မြင့်တက်လာ

မေလ နောက်ဆုံးပတ်မှာ စားအုန်းဆီရည်ညွှန်းစျေးတက်လာပြီး ပြင်ပစားအုန်းဆီစျေးကွက်မှာပါ စျေးနှုန်း တွေမြင့်တက်လာတယ်လို့ စားဆီရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက‌ နေ သိရပါတယ်။

မေလ ၂၆ ရက်နေ့အထိကို စားအုန်းဆီရည်ညွှန်းစျေးကတစ်ပိဿာကို ၅၂၀၀ ကျပ်သာရှိပြီး အဲ့ဒီနောက်မှာ တစ်ပိဿာကို ၇၀ ကျပ်တက်လာကာ ၅၂၇၀ ကျပ်အထိရှိလာကာ ပြင်ပလက်ကားစျေးကွက်မှာလည်း စားအုန်းဆီတစ်ပိဿာကို ၈၅၀၀ ကျပ်ရှိလာတယ်လို့သိရပါတယ်။

” ရည်ညွှန်းစျေးကတော့ တက်ရင်တစ်ပိဿာ အများဆုံး၁၀၀ ကျော်၂၀၀ ပေါ့။ ဒါပေမယ့်အပြင်လက်ကားစျေးကွက်ကျတော့ ထောင်ဂဏန်းခုန်တက်တာ၊အရင်ရက်တွေက ၇၅၀၀ အများဆုံးရှိပေမယ့်အခု ၈၅၀၀ မှရမယ်၊ဒါတောင် ၅ပုံး၊၁၀ ပုံးစျေးပါ ” လို့ စားဆီရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကတော့ ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေး ယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင်စားသုံးဆီတင်သွင်းခွင့်ရရှိတဲ့ ကုမ္ပဏီတွေဆီက တဆင့် ဝယ်ယူဖြန့်ဖြူးရောင်းချတဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း စားသုံးဆီကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် အသားတင်အမြတ် ၂ % နှင့်အထွေထွေကုန်ကျစရိတ် ပေါင်း၍သာရောင်းချဖို့ လည်း သတိပေးထားပါတယ်။

ဒါပေမယ့်လည်း စားအုန်းဆီ စျေးနူန်းတွေကတော့ နယ်မြေအေးချမ်းမှုရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာသယ်ယူပို့ဆောင်ရေးလွယ်ကူတဲ့ဒေသတွေမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်လောက်သာရှိပေမယ့် နယ်မြေမအေးချမ်းတဲ့အပြင် ကားလမ်းတွေပိတ်ထားခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်မရတဲ့ဒေသတွေမှာတော့ တစ်ပိဿာကို ၃၅၀၀၀ ကျပ်လောက်အထိ အဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။

“ဒီလောက် ဈေး‌တွေ မြင့်တက်နေပေမယ့်လည်း မစားလို့မှ မရတာ။အရင် ၅၀ သား ၀ယ်စားရာကနေ အခုကတော့ အစိတ် သားလောက် ပဲ ၀ယ်စားနိုင်တော့တယ်။ဈေးသွားရမှာကို ကြောက်နေပြီ”လို့ သန်လျင်မြို့နယ်မှ အိမ်ရှင်မ မသူက ပြောပါတယ်။

စားအုန်းဆီရည်ညွှန်းဈေးကတော့ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေး နေတာဖြစ်တယ်လို့ ကော်မတီကထုတ်ပြန်ထား ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *