မြေပဲ ရောင်းလိုအားနည်းပြီး အဝယ်လိုက်လို့ စျေးပြန်တက်လာ

ပြည်တွင်းမြေပဲစျေးကွက်မှာ ရောင်းလိုအားနည်းပြီး ဝယ်လိုအားကောင်းလာတဲ့အတွက် စျေးကွက်ပြန်လည်မြင့်တက်လာတယ်လို့ မြေပဲကုန်သည်တွေဆီကသိရပါတယ်။

လက်ရှိမှာ ဆီကြိတ်ခွဲတဲ့ မြေပဲဆီဆံက တစ်ပိဿာကို ၆၀၀၀ ဝန်းကျင်ရှိလာပြီး မြေပဲအနီလုံးဆံကတစ်ပိဿာကို ၇၅၀၀ လောက်အထိ စျေးပြန်လည်မြင့်တက်လာတယ်လို့သိရပါတယ်။

မေလနောက်ဆုံးပတ်တုန်းက ဆီကြိတ်ခွဲတဲ့ မြေပဲဆီဆံက တစ်ပိဿာကို ၅၇၀၀ ဝန်းကျင်သာရှိခဲ့ပြီး မြေပဲအနီလုံးဆံကတစ်ပိဿာကို ၆၃၀၀ ဝန်းကျင်သာရှိခဲ့တာကြောင့် မြေပဲဆံတစ်ပိဿာကို ၃၀၀ ကျပ်မှ ၁၂၀၀ လောက်အထိ စျေးပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“အရင် ရက်တွေ တုန်းကတော့ အရောင်းအဝယ် မဖြစ်ဘူး၊ အခု ရက်တော့ အရောင်းအဝယ် ပြန်သွက်တယ်။ ဈေးပြန်လှုပ်တယ်၊ဆီဆံက အတက်နည်းပေမယ့် အနီဆံက တစ်ပိဿာကို တစ်ထောင်၊ တစ်ထောင်ကျော်လောက် တက်လာတယ်။ ဟိုနေ့ကပဲ မန္တလေးကို တွဲကား တစ်စီးပို့လိုက်တယ်။”လို့ မကွေးမြေပဲ ကုန်သည် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြေပဲစျေးပြန်ပြီးမြင့် တက်လာတယ်ဆိုပေမယ့်လည်း ယခင်နှုန်း ထားကိုတော့မမှီသေးကြောင်း ယခင်ကတစ်ပိဿာကို ၈၀၀၀ ကျပ်ကျော်အထိစျေးရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် လက်ရှိမြေပဲသိုလှောင်ထားသူတွေက သိုလှောင်ထားတဲ့မြေပဲတွေကို အကုန်ထုတ်ရောင်းချတာမျိုးမရှိသေးဘဲ စျေးကွက်ထပ်အတက်ကိုစောင့်နေတဲ့အခြေအနေရှိလို့ မြေပြင်မှာ မြေပဲ ာင်းလိုအားက နည်းနေသေးတယ်လို့သိရပါတယ်။

“တောင်သူ့ လက်ထဲ မှာ ပဲ မရှိရင်က အမြဲ တက်နေကြပါပဲ။ ပဲ မထွက်ခင်ကတည်းကလည်း အရောင်းအဝယ်တွေက ကြိုလုပ်ထားကြတော့။ အခု တက်ဈေးကိုတော့ မရ တော့ဘူးပေါ့။ တောင်သူဆိုတာကလည်း တစ်သီး‌ေရာင်းထားပြီး မှ နောက်တစ်သီး အတွက် ကြိုပြင်ရတာမလား။ ဈေးတော့ အများကြီး မရပေမယ့် ရတော့ ရပါတယ်”ဟု ‌အောင်လံ ဘက် မှ မြေပဲ စိုက် တောင်သူ တစ်ဦးက ပြောပါတယ်။

မြေပဲသိုလှောင်သူတွေထဲမှာ တောင်သူတွေအနည်းငယ်လောက်သာရှိပြီး မြေပဲစက်ပိုင်တွေ၊ကုန်သည်တွေ လက်ထဲမှာသာ ကုန်အများပြားရှိကြောင်း၊ကုန်သည်တွေက မြေပဲအတောင့်လိုက်သာသိုလှောင်ထားကြတာဖြစ်တယ်လို့သိရပါတယ်။

အခုနှစ်မှာ တရုတ်ကို နယ်စပ်လမ်းကြောင်းကနေ မြေပဲတင်ပို့ရောင်းချရမှု လျော့ကျတာကြောင့် ပြည်တွင်းမှာ မြေပဲလက်ကျန်တွေ ကျန်ရှိနိုင်သေးတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ မိုးစိုက်မြေပဲ အတွက် ကြိုတင်ပြင်ဆင်နေကြပြီး ပြည်တွင်း မှာ နှစ်စဉ် မြေပဲ စိုက်ဧက ၂၈ သိန်းကျော် ထိ ရှိပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *