(၃.၆.၂၀၂၄ )မှ (၇.၆.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

၃.၆.၂၀၂၄ မှ ၇.၆.၂၀၂၄

မတ်ပဲ

ပြီးခဲ့တဲ့ တစ်လလုံး ဆက်တိုက် ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလ ပထမပတ်မှာ စတင်  ဈေး ကျဆင်း သွားပါတယ်။ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးမြင့်တက်ခဲ့ပြီး နောက် အစိုးရ က  ဒေါ်လာ ဈေး ကို ထိန်းချုပ်ခဲ့ပြီး တစ်ပတ်အတွင်း  ပဲ ဈေးတွေ  ဈေးပြန်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေပေမယ့် ငွေကြေးဈေး အခြေအနေကြောင့် လှောင်ထား ပြီး စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ကုန်သည်အချို့ ထံကနေ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့  တက်လာမယ့် အစိုးရက ပဲ ဈေး မြင့်တက် နေတာတွေ နဲ့ပတ်သတ်ပြီး ဘယ်လို ထိန်းချုပ်မလဲ ဆိုတာစောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ် နေပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်တဲ့ ၂၀၂၃/၂၀၂၄ ကောက်ပဲ သီးနှံအထွက်နှုန်း တတိယအကြို ခန့်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ရာသီနဲ့ စာရင် ပဲမျိုးစုံ ထွက်ရှိမှု နှုန်းက  ၆ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ပြီး မတ်ပဲက ပြီးခဲ့တဲ့ ရာသီက ၂.၉၁ သန်းရှိခဲ့ရာမှ အခု ခန့်မှန်းချက် အရ ၂.၆၃သန်းသာ ရှိတယ်လို့ အိန္ဒိယသတင်းစာတွေ ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အိန္ဒိယလိုအပ်ချက်က ဆက်ရှိနေမှာ ဖြစ်ပေမယ့် မတ်ပဲကို မြန်မာအပြင် အခြား ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံတို့ကပါ တင်သွင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရကတော့ မြန်မာနည်းတူ အိန္ဒိယနိုင်ငံမှာပါ ဈေးနှုန်းတွေ ကျဆင်းနေတာ ဖြစ်ပြီး တော့  အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၈၉၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၆၇၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၁၀၀၀  ကျပ်  ဈေးကျဆင်းသွားပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၅၀  မှ ၅၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ် ဈေးအနည်းငယ်သာ ကျဆင်းပါတယ်။ပြည်တွင်း လက်ကျန် လည်း နည်းနေတာ ဖြစ်ပြီး လက်ရှိ ငွေဈေးအခြေအနေ နဲ့ အိန္ဒိယလိုအပ်ချက်တွေကြောင့် ဈေးကွက် ထဲ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။လှောင်ထားနေဆဲ အခြေအနေ ဖြစ်တာကြောင့် ပဲ ဈေးက အများကြီး ကျဆင်းနိုင်ခြေ မရှိဘူးလို့လည်းကုန်သည်အချို့က ခန့်မှန်းပါတယ်။

အိန္ဒိယက ထုတ်ပြန်တဲ့ အထွက်နှုန်း ခန့်မှန်းချက်မှာတော့ ပဲစင်းငုံနီက ၃.၃၁ သန်းကနေ ၃.၃၉ သန်းထိ ထွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။အမှန်တကယ် ထွက်မယ်မထွက်ဆိုတာကတော့ စောင့်ကြည့် ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတု အခြေအနေ မကောင်း တာကြောင့် ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်း လျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လာမယ့် ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ ပဲ ရှိနိုင်ဦးမယ်လို့ ဆိုထားကြပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၁၀၀ ရူပီး ဈေးကျဆင်းပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၅၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ်သာ ဈေးကျဆင်းပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာတော့ ဈေးမြင့်တက်ပေမယ့် နယ်ဈေးကွက်တွေ မှာတော့ အနည်းငယ်ဈေးပြန်ကျဆင်းသွားတဲ့ အခြေအနေ ပါ။ဈေးကွက် ထဲ ပဲ တွေ အဝင်များတဲ့အတွက် အနည်းငယ်ဈေးပြန်ကျဆင်းသွားတာ ဖြစ်သလို ဈေးကွက်ထဲ ငွေလဲလှယ်နှုန်းဈေး အခြေအနေ ကြောင့် အဝယ်နည်းပြီး အရောင်းများလို့ လည်း သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်၊ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၈၈၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၁၅ ကျပ်၊ပဲတီစိမ်းဝါးခယ်မကတော့ တစ်ပိဿာကို ၃၁၃၀ မှ ၄၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၆၅၀၀၀ မှ ၁၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀  ကျပ်ဈေးကျဆင်းသွားပါတယ်။ နယ်ဈေးကွက်တွေ ဖြစ်တဲ့ ပခုက္ကူ၊မုံရွာ တို့ မှာလည်း တစ်တင်းကို ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲ ဈေးတွေလည်း ဈေးကွက်အတွင်း ကျဆင်းသွားပါတယ်။အရောင်းအဝယ် အနည်းငယ် ရှိ နေပေမယ့် အကျဈေး နဲ့ ရှိနေလို့ ပါးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ငွေကြေး‌ဈေး အခြေအနေ စောင့်ကြည့်တာ ရယ် ပဲ အဝင်များတာရယ်ကြောင့် ဈေးချ ဝယ်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ မှ ၄၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတစ်ပိဿာကို ၄၃၃၀ မှ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ကုလားပဲ ခြမ်းကတော့ တစ်ပိဿာကို ၅၄၅၀ မှ ၅၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ 929 က တစ်အိတ်ကို ၂၃၈၀၀၀ မှ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၂၈၀၀၀ မှ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ပြောင်းဆံ

ပဲမျိုးစုံက ဒေါ်လာပေါက်ဈေး နဲ့ အတူ ကျဆင်းနေပေမယ့် ပြောင်းဈေးကတော့ မကျတဲ့ အပြင် ထပ်ပါ မြင့်တက်လာပါတယ်။ပြည်ပ လိုအပ်ချက်ကြောင့် ဝယ်ယူမှု မြင့်နေတယ်လို့  သိရပါတယ်။ ပြောင်းဈေးမြင့်တက်နေပေမယ့်လည်း တောင်သူလက်ထဲ မှာတော့ ပြောင်းမရှိသလောက်‌ဖြစ်နေပါပြီ?

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၃၅၀ မှ ၁၃၇၀ ကျပ်ရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၈၀၀၀ မှ ၆၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ရှမ်း ပြောင်းကလည်း တစ်အိတ်ကို ၆၉၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

၂ပတ်အတွင်း တစ်အိတ်ကို ၁၀၀၀၀ နီးပါးဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဂျုံ

ငွေကြေးနဲ့ အတူ မြင့်တက်လာခဲ့တာကတော့ ဂျုံဈေးနှုန်း ပဲ ဖြစ်ပါတယ်။ပြည်တွင်းထွက်ရှိမှု နှုန်းလည်း နည်းနေပြီ ဖြစ်လို့ ဈေးမြင့်တက်နေတာလို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၀၀၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ် ၄၀၀၀၀ ဈေးမြင့်တက်လာခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ဈေးတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက  ဈေးမြင့်တက် နေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲ ကို အဝင်ရှိ နေပြီး အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်။ဆီအတွက် အသုံးပြုတာ ဖြစ်လို့ ဈေးကွက်အတွင်း ဝယ်လိုအားကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုတ်(အထွက်တိုး)က တစ်ပိဿာကို ၃၆၆၅ မှ ၃၇၅၀ ရှိပြီး တစ်ပိဿာကို ၈၅ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်လျော့သွားခဲ့ပြီး ဈေးက အနည်းငယ်ပြန်မြင့်တက်လာပါ တယ်။နယ်စုံကနေ အဝင်ရှိပြီး လက်ရှိ ငွေဈေးအခြေအနေကြောင့် စောင့်ကြည့်ဝယ်ယူတာတွေ‌ ကြောင့် ဈေးကွက်ထဲ အဝင်နည်းသွားတယ်လို့လည်း သိရပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁၅၀၀၀၀ နီးပါး အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၆၀၀ မှ ၂၃၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊မင်းဘူး၊ရွှေဘို၊မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၂၀၀ ကနေ ၂၄၀၀ ကြားရှိနေပြီး ၁၀၀ လောက်ဈေးတက်လာပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့  တစ်ပိဿာကို ၁၂၀၀ မှ ၂၀၅၀  ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၀၀  ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင် တစ်လ အတွင်း  တစ်ပိဿာကို ၅၀၀ နီးပါး‌ ဈေးကျဆင်းသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *