ဈေးကွက်သုံးသပ်ချက် (၁၃.၂.၂၀၂၃) မှ ( ၁၇.၂.၂၀၂၃)

ဆန်စပါး

ဆန်စပါးဈေးနှုန်းတွေကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြည်ပတင်ပို့မှု တွေများနေပြီး ပြည်တွင်း မှာလက်ကျန်နေလို့ ဈေးတွေ မြင့်တက်လာတာလို့ ဆန်ကုန်သည်ဆန်စက်ပိုင်ရှင်အချို့က ခန့်မှန်းထားကြပေမယ့် ဆန်စပါးအသင်းက ဥက္ကဌ ဦးရဲမင်းအောင်ကတော့ ပြည်တွင်းမှာ ဆန်စပါး အလုံအလောက်ရှိနေပြီး လက်ကျန်လျော့နည်းနေတာ မဟုတ်ကြောင်း ပြည်တွင်းသတင်း တစ်ခု မှာ ပြောကြားထားပါတယ်။

ဆန်ဈေးအဆမတန်မြင့်တာနေတာနဲ့ပတ်သတ်ပြီး ဆန်ကုမ္မဏီတွေနဲ့ညှိုနှိုင်းပြီး ဈေးသက်သာအောင် ရောင်းပေးဖို့ စီစဉ်နေတယ်လို့ ထပ်လောင်းပြောကြားထားပေမယ့်  စားသုံးသူဈေးကွက်အတွင်းမှာ တော့ နေ့စဉ်နဲ့အမျှ ဈေးတွေ မြင့်တက်နေတယ်လို့စားသုံးသူအများစုက ပြောပါတယ်။

လာမယ့် ၂ လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် ၃ သိန်းကို ပြည်ပကို တင်ပို့သွားမယ်လို့ ဆန်စပါးအသင်းရဲ့ ထုတ်ပြန်မှုက ပြည်တွင်းဆန် စားသုံးသူဈေးကွက်အတွင်း လှုပ်ခတ်သွားပြီး လက်ရှိပေါက်ဈေးထက်မြင့် သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဖျာပုံဒေးဒရဲမြောင်းမြနယ်စုံပေါ်ဆန်းတို့က တစ်အိတ်ကို ၆၈၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြားဈေးမြင့်တက်လာ ပါတယ်။ ဧည့်မထဆန်နှင့် ၂၅ မှတ်တန်ဆန်တို့ကတော့ တစ်အိတ်ကို ၅၁၀၀၀ ကနေ ၅၆၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အခြား ရက် ၉၀ ၊ဆန်သီးထပ်၊မြီးဒုံဆန်တို့ ကတော့ တစ်အိတ်ကို ၄၈၀၀၀ ကနေ ၆၁၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀ ကနေ ၃၀၀၀ ကြားအသီးသီးဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လကတည်းက အဟောင်းရော အသစ်ပါ ဆက်တိုက် ဈေးမြင့်တက်နေတဲ့ ဆန်ဈေးက တစ်ပတ်အတွင်းမှာ ဆန်အရောင်းအဝယ်အေးသွားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း မှာလည်း ပထမတန်းစားစပါးတင်း ၁၀၀ ကို ငွေကျပ် ၂ သိန်းနီးပါးဈေးထပ်ပြီး မြင့်တက်လာပါတယ်။ တင်း ၁၀၀ကို အနိမ့်ဆုံးဈေး ၁၅၃၀၀၀၀ ကျော်ကနေ ၁၆၅၀၀၀၀ ပေါက်ဈေးရှိ နေပါတယ်။ဒုတိယတန်းစားစပါးကလည်း တင်း ၁၀၀ ကို ၁၃၄၀၀၀၀ ကနေ ၁၄ သိန်းကြားပေါက်ဈေး ရှိနေပြီး တင်း ၁၀၀ ကို ၁၅၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ ဖော်ပြပါဈေးနှုန်းတွေကတော့ ဧရာဝတီကုန်သွယ်မှုဌာနက ရယူထားတဲ့ ဆန်စပါးဈေးနှုန်းတွေ ဖြစ်ပြီး ပြင်ပပေါက် ဈေးနှုန်း တွေက တော့ ယခုထက်များပြားကာ တင်း ၁၀၀ကို သိန်း ၂၀ ကျော်ထိ ဈေးမြင့် တက်နေပါတယ်။

မတ်ပဲ

မတ်ပဲဈေးကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးငြိမ်သွားပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်မြင့် တက်လာပါတယ်။ငွေလဲလှယ်နှုန်းဈေးကလည်း မြင့်တက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်နေပေမယ့် ပွဲတော်ကာလ အရောင်းအဝယ်သွက်နေတဲ့ အတွက် ဈေးမြင့် တက်နေတာ ဖြစ်ပါတယ်။ အသစ်တွေကို ဝယ်ယူနေပြီးလက်ကျန်တွေကို ထုတ်ရောင်းနေတာ ဖြစ်လို့ မတ်ပဲဈေးက ပြန်ပြီးကျဆင်းနိုင်ဦးမယ်လို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားပါတယ်။

မြန်မာပြည်တွင်းမှာလည်း မတ်ပဲက အသစ်တွေဝင်နေပြီ ဖြစ်လို့ ဈေးကတော့ အများကြီးထပ်ပြီး တက်နိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်အချို့က ခန့်မှန်းထားကြပေမယ့် လက်ရှိ မတ်ပဲ ဈေးကွက် က အတက်အကျ များနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၁၈ သိန်း ၈ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကု ၆၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၈၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေး တက်လာပါတယ်။

မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၀၀၀၀  ကနေ ၆၂၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၅၀၀ လောက် ဈေးမြင့် တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ စံချိန်တင်ဈေးမြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။လက်ကျန်ကလည်း မရှိတော့တဲ့ အတွက် ဈေးက  မာနေပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ထွက်ရှိမှုက တန်ချိန် ၃ သိန်းခွဲသာရှိမယ်လို့ ထုတ်ပြန်ထားတဲ့အ တွက် ပဲစင်းငုံနီက ဆက်ပြီးဈေးကောင်းနိုင်ဦးမယ်လို့ ပဲကုန်သည်တွေက မျှော်မှန်း ထားပါတယ်။

အိန္ဒိယနိုင်ငံကတော့ ပဲစင်းငုံနီကို မြန်မာပြည် အပြင် အခြား နိုင်ငံတွေကပါ ဝယ်ယူနေတာ ဖြစ်လို့ မြန်မာ့ပဲစင်းငုံနီ ဈေးအဆမတန်မြင့်မားနေပါက မူဝါဒအပြောင်းအလဲတွေ ရှိနိုင်တဲ့အတွက်  သတိထားစောင့်ကြည့်ဖို့ လိုအပ် ပါတယ်။ မြန်မာ့ ပဲစင်းငုံနီကတော့ အိန္ဒိယနိုင်ငံအပြင် တရုတ်ကိုလည်းတင်ပို့နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၁ သိန်း  ၃ သောင်းကျော်ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ၁၃၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၀၀၀၀ ကျော်  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၆၆၀၀၀ ကနေ ၆၇၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

ပဲတီစိမ်း

ဈေးဆက်တိုက်မြင့်တက်နေတဲ့ ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ အမြင့်ဈေးနဲ့ ဈေးငြိမ်သွားပါ တယ်။တရုတ်နယ်စပ်ဂိတ်တွေက နှစ်ကူးအပြီး ပုံမှန်ပြန်လည်ပတ်နေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိ နေပြီ ဖြစ်လို့ ဈေးငြိမ်းသွားတယ်လို့သိရပါတယ်။ နယ်ဈေးကွက်တွေကနေလည်း ပဲအသစ်တွေ ဝင်ရောက်နေပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ဝါးခယ်မ၊ခရမ်းရွှေဝါ)တို့က တစ်ပိဿာကို  ၂၉၃၀ ကနေ ၃၉၁၅ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၂၀၀လောက်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်းက တစ်အိတ်ကို ၁၄၅၀၀၀ကနေ ၂၃၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်းမှာတော့ နေ့စဉ်အဝင်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာ ရှိနေပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့အပတ်က ဈေးတွေ ကျဆင်းသွားတဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်မြင့်တက်လာ ပါတယ်။ ဈေးကွက်ထဲ ပဲအဝင်ရှိနေပေမယ့် ငွေကြေးလဲလှယ်နှုန်းမြင့်မားမှုနဲ့ ကုလားပဲ ဝယ်ယူသိုလှောင် မှုတွေ ရှိနေလို့ ဈေးက မြင့်တက်နေတာ လို့ ကုလားပဲကုန်သည်အချို့က သုံးသပ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာ ကို ၃၂၅၀ ကနေ ၃၄၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးအဟောင်းကတော့  တစ် ပိဿာကို ၃၂၅၀ ကနေ ၃၄၁၅ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄၁၀၀ ကနေ ၄၄၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၈၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၈၇၅၀၀  တစ်အိတ်ကို ၇၅၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၁၉၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်  ဈေးပြန်မြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၆၁၅၀၀   ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ကျပ်၊ဈေးတက်လာပါတယ်။

ပဲပုတ်

ပဲပုတ်ဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။အဝင်က နည်းနေပြီး အဝယ်ကတော့ သွက်နေ တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၃၁၀၀ ကနေ ၃၁၇၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပြီး ပဲပုတ်(အထွက်တိုး)ကတော့တစ်ပိဿာကို ၃၀၀၀ ကနေ ၃၀၈၅ ပေါက်ဈေးရှိကာ တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း) တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲပုတ်(ဗမာ)ကတော့တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပဲကြီး

ပဲအသစ်တွေ ဝင်လာပြီး အမြင့်ဈေးနဲ့ ဈေးစဖွင့်ခဲ့တဲ့ ပဲကြီးကတော့ ဈေးကွက်ထဲ အဝင်သွက်လာလို့ ဈေးတွေ ပြန်ကျဆင်းလာနေပါတယ်။ပဲကြီးက ပြည်တွင်းဝယ်ယူစားသုံးမှုအများဆုံးပဲ ဖြစ်နေပြီး ဈေး အမြင့်ဆုံးပဲ လည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၄၅၁၀ မှ ၄၆၀၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၁၇၀ မှ ၄၂၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)တို့က တစ်အိတ်ကို  ၂၀၀၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိနေပြီးတစ်အိတ်ကို ၁၀၀၀၀ ကျပ်လောက်ဈေးပြန်ကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာလည်း ပဲကြီးက တစ်တင်းကို ၇၇၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၇၀၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၈၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

စားတော်ပဲ

စားတော်ပဲဈေးကလည်း ပြန်မြင့်တက်လာပါတယ်။ပြည်ပကနေ ကနေဒါစားတာ်ပဲ များအဝင်ရှိနေ ပေမယ့် ပြည်တွင်းလည်း အဝင်ရှိသလောက် အဝယ်သွက်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅၆၆၅ ကနေ ၅၈၃၅ နဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာ စားတော်ပဲက တစ်အိတ်ကို ၁၉၉၀၀၀ ကနေ ၃၁၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

မကွေးဈေးကွက်မှာ တစ်တင်းကို ၁၁၅၀၀၀ နဲ့ တစ်တင်းကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ နှစ်ပတ်ဆက်တိုက် ဈေးတွေ ပြန်ကျဆင်းလာပါတယ်။ရှမ်းကြက်သွန်တွေ ဈေးကွက်ထဲ အဝင်သွက်ပြီး ဈေးတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၄၄၀၀ ကနေ ၅၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

အာလူး

အာလူးဈေးကလည်း ကျဆင်းနေပါတယ်။ရှမ်းအာလူးတွေကတော့ ဈေးကွက်ထဲ အဝင်မရှိသေးပါဘူး။

ရန်ကုန်ဈေးကွက်မှာ အာလူးဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၅၀၀ ကနေ ၁၈၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

သကြား

သကြားကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ဗီယမ်နမ်နိုင်ငံအပြင် တရုတ်နိုင်ငံကိုလည်း တင်ပို့မှု ရှိနေပါတယ်။ တရုတ်နိုင်ငံကတော့ ကြံကို အဓိကဝယ်ယူနေပြီး ကြံဈေးမြင့်တက်နေတဲ့အတွက် သကြားဈေးကလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ သကြားတစ်ပိဿာကို ၁၉၃၀ ကနေ ၁၉၆၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *