ဈေးကွက်သုံးသပ်ချက် (၂၄.၁.၂၀၂၃) မှ ( ၂၇.၁.၂၀၂၃)

ဆန် စပါး

ဆန်ဈေးတွေရော စပါးဈေးတွေကို ဆက်တိုက်မြင့်တက်နေပါတယ်။ပြည်ပ ဆန်အဝယ်ရှိနေပြီး ပြည်တွင်း ဆန်အထွက်နှုန်းလျော့နည်းမယ်လို့ ခန့်မှန်းမှုတွေကြောင့် အဝယ်လိုက်ပြီး ဈေးတွေ ဆက်တိုက် မြင့်တက် နေတာလည်း ဖြစ်ပါတယ်။ လက်ရှိ လက်ကျန်ကတော့ မရှိတော့ပဲ နွေစပါးတွေပါ ကြိုပွိုင့်အနေနဲ့ ဝယ်ယူ မှုတွေ ပြုလုပ်နေတယ်လို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာလည်း ဆန်တွေ အဝင်ပုံမှန်ရှိနေပြီး အဝယ်သွက်နေပါတယ်။ ဆန်ဈေး ထပ်တက်မည်ကို စိုးရိမ်နေပြီး ဝယ်ယူသိုလှောင်မှု တွေကြောင့် ပိုပြီး ဈေးတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ် (နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။ ဆန်အသစ်ဈေးကွက်ထဲကို ဝင်ပြီး ရက် ၂၀ အတွင်း တစ်အိတ်ကို ငွေကျပ် ၆၀၀၀ လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။ အဟောင်းကတော့ တစ်အိတ်ကို ၆၃၀၀၀ ကနေ ၇၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။တစ်လ အတွင်း အဟောင်း တစ်အိတ်ကို ၅၀၀၀ ကနေ ၆၀၀၀ ကြား အသီးသီးဈေးမြင့်တက်လာပါတယ်။

ရွှေဘိုပေါ်ဆန်းအသစ်ကတော့  တစ်အိတ်ကို ၇၈၀၀၀ ကနေ ၈၄၀၀၀ ကြားပေါက်‌ ဈေးရှိ နေပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပြီး ဘိုပေါ်ဆန်းအဟောင်းဆန်ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။

ဧည့်မထဆန်တေကတော့ တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊မြီးဒုံးဆန်သစ်ကတော့ တစ်အိတ်ကို ၅၁၀၀၀ ကနေ ၅၃၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ဧည့်မထ ၂၅ မှတ်တန်ကတော့ ၄၃၀၀၀ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ရက် ၉၀ဆန်ကတော့ တစ်အိတ်ကို ၄၈၀၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

စပါးဈေးတွေကလည်း ပြင်ပ ပေါက်ဈေး တင်း ၁၀၀ ကို ၁၆ သိန်းထိ ပေါက်ဈေးရှိနေတယ်လို့ သိရပေမယ့် လက်ကျန် မရှိတဲ့အတွက် အရောင်းအဝယ်ကမရှိဘူးလို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။ဆန်ဈေးတွေကတော့ ပြည်တွင်း မှာသာ မက အိမ်နီးချင်းနိုင်ငံတွေမှာပါ ဈေးတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ခုဘဏ္ဏာနှစ်မှာ ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်အသင်းက ဆိုပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဈေးတွေ ပြန်မြင့်တက်လာပါတယ်။ အသစ်ဝင်လာတဲ့ ပဲ တွေ အဝယ်သွက်နေတယ်လို့ သိရပါတယ်။လက်ရှိငွေလဲလှယ်နှုန်းဈေးကလည်း အနည်းငယ်ပြန်မြင့်တက်လာပါတယ်။အိန္ဒိယနိုင်ငံ ရဲ့ ပဲလိုအပ်ချက်ကြောင့် ပြည်တွင်း ဝယ်ယူမှုတွေ ရှိနေတာ ဖြစ်ပြီး ဈေးတွေ အများကြီး မကျဆင်းရန် ဈေးထိန်းနေတဲ့ အခြေအနေလည်း ဖြစ်တယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၇ သိန်း  ၂သောင်းနီးပါးပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၇ သောင်း နီးပါးဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၇၀၀၀ ကနေ ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ် ဈေး တက်ပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို၅၃၀၀၀ ကနေ ၅၆၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ တစ်တင်းကို ၁၀၀၀  ကနေ ၁၅၀၀ ကြားဈေးတက်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအနည်းငယ်မြင့်တက်လာပေမယ့် တစ်ပတ်အတွင်း မှာတော့ ဈေးအပြောင်းအလဲ သိပ်မရှိပဲ နေ့စဉ်အဝင်နဲ့အဝယ်ပေါ်မူတည်ပြီး အတက်အကျရှိနေပါတယ်။အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ လိုအပ်ချက်က များနေတယ်အတွက် ပြည်တွင်း ပဲစင်းငုံနီကတော့ လက်ရှိအချိန်အထိ အမြင့်ဈေး နဲ့ ရှိနေ ပါတယ်။

ပဲစင်းငုံနီ ဈေးအရမ်းမြင့်ရင်တော့ မူဝါဒတွေပြောင်းပြီး ဈေးနှုန်းထိန်းချုပ်တာ တွေ ပြုလုပ်တက်တဲ့ နမူနာ များစွာ ရှိတဲ့ အတွက် သတိထားစောင့်ကြည့်ရမယ်လို့ကုန်သည်အချို့ က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၈ သိန်း  ၃ သောင်းနီးပါးပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သောင်းကျော်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၇၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၇၅၀၀ ကနေ ၅၈၀၀၀ နဲ့ အရောင်းအဝယ်ရှိနေပြီး ၅၀၀ လောက်သာ ဈေးမြင့်တက်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ အသစ် ဈေး မဖွင့်သေးပဲ အဟောင်းလက်ကျန်ပဲဈေးနဲ့ ဈေးငြိမ်နေပါတယ်။နယ်ဈေးကွက်တွေမှာတော့ တရုတ် အဝယ်ရှိနေတဲ့အတွက် အသစ်တွေရော လက်ကျန်ပဲတွေပါ ဈေးကောင်းရရှိနေတယ်လို့ သိရပါ တယ်။

ပဲတီစိမ်းက ပုံမှန်တရုတ်ကို တင်ပို့နေခဲ့ပြီး ဈေးမြင့်တဲ့ ပဲ ဖြစ်ပေမယ့် ကိုဗစ်ကြောင့် တရုတ်နယ်စပ် ပိတ်တဲ့အချိန် ဈေးတွေ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ။ခရမ်းရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၂၀၈၀ ကနေ ၂၉၂၀ ကြား ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၃၃၀၀၀ ကနေ ၁၅၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ခရမ်းရွှေဝါတို့ကလည်း တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၉၈၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ကနေ ၅၁၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ကျပ် ဈေး တက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၅၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၄၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အသစ်တွေ ဈေးကွက်ထဲကို ဝင်နေပြီး အဝယ်လည်း သွက်ဈေးလည်း တက်နေတယ် လို့ သိရပါတယ်။တပ်ရိက္ခာအတွက် လည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နှစ်က ကုလားပဲ တွေ ဈေးကောင်းရခဲ့ပြီး လက်ကျန်အစောကြီး ပြတ်သွားတဲ့အတွက် ဒီနှစ်မှာတော့ အသစ်ထွက်ချိန် ဝယ်ယူမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ကုလားပဲ ကုန်သည်အချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၀၈၀ ကနေ ၃၂၅၀ ပေါက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၃၄၁၅  ကနေ ၃၅၈၅ ကျပ်ရှိပြီး ၈၅ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၇၃၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၇၆၅၀၀ ကနေ ၁၇၇၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၁၉၃၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီး ၊ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၅၉၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျပ် ဈေးတက်လာပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ တရုတ်ရော ထိုင်းကပါ အဝယ်ရှိနေတဲ့အတွက် ဆက်တိုက်ဈေးတွေ မြင့်တက်နေ ပါတယ်။ငွေလဲလှယ်နှုန်းဈေးကလည်း အနည်းငယ်မြင့်တက်နေပါတယ်။ဆက်ပြီးဈေးတက်နိုင်ခြေ ကတော့ နည်းပြီး လက်ရှိ အတက်ဈေးနဲ့သာ အရောင်းအဝယ်ရှိနိုင်တယ်လို့ ပြောင်းကုန်သည်အချို့က ခန့် မှန်းထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁၂၆၀ ကနေ ၁၂၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း က တစ်အိတ်ကို ၆၄၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ကျပ် ၊ဗမာပြောင်း၊ရှမ်းပြောင်း၊တို့ကလည်း တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား ဆန်ပြောင်း နဲ့ ပြောင်း နီတို့ကတော့ ဈေးကွက်ထဲ အဝင်ရှားသွားပြီး ဈေးလည်း ငြိမ်သွားပါတယ်။

မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၁၉၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို၆၀၀ ကျပ်ဈေးတက်လာပါတယ်။

စားတော်ပဲ

ဈေးတွေ ကျဆင်းသွားခဲ့တဲ့ စားတော်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်တက်လာပါတယ်။ ဈေးကွက်ထဲ အသစ်တွေ အနည်းငယ်အဝင်ရှိနေပြီး အဝင်ရှိသလောက် အဝယ်လည်း ရှိတယ်လို့သိရပါ တယ်။

ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲ က တစ်ပိဿာကို ၅၈၃၀ ကနေ ၆၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ တစ်အိတ်ကို ၁၉၅၀၀၀ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀လောက်ဈေးပြန်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ အကျဈေးနဲ့ ဈေးငြိမ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ဈေးကွက်ထဲကို နေ့စဉ် အဝင် တန်ချိန် ၂ သိန်းနီးပါး ဝင်နေပါတယ်။ကြက်သွန်ကုန်သည်တွေကတော့ အဝင်ထိန်းနေပြီး ဈေးကိုလည်း ယခုထက်မကျစေရန် ထိန်းနေပေမယ့် ဆက်ပြီး ဈေးက အေးနိုင်ဦးမယ်လို့ သုံးသပ်ထား ပါတယ်။

ရန်ကုန်ဈေးကွက်ကိုတော့ ကြက်သွန်နီ မြင်းခြံ၊ဆိပ်ဖြူ၊မြစ်သားတို့ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၆၀၀ ကနေ ၃၃၀၀ ကြား အရောင်းအဝယ်ရှိကာ နေ့စဉ် အဝင်ပေါ်မူတည်ပြီး ၅၀ ၁၀၀ အတက်အကျ ရှိပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၃၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၁၀၀ ကနေ ၁၅၅၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ လက်ရှိ အတက်ဈေးနဲ့ ဈေးငြိမ်သွားပါတယ်။အဝင်နည်းပြီး ပစ္စည်းလက် ကျန် ရှားတယ်လို့ သိရပါတယ်။ကြူကုတ်ကတော့ တရုတ်ဘက်ကနေ အဝင်လာတာ များတဲ့အတွက် ဈေးကတော့ ပြန်ကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း) က တစ်ပိဿာကို ၅၁၀၀ ကနေ ၆၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၃၆၅၀ ကနေ ၃၇၅၀ ကြားပေါက်ဈေးရှိနေပြီး ၁၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

သကြား

သကြားဈေးကတော့ တက်လာပါတယ်။ဗီယမ်နမ်ကို တန်ချိန် ၅၀၀၀ စတင် တင်ပို့နေပြီး တစ်နှစ် အတွင်း တန်ချိန် ၅ သောင်းနီးပါးအထိ တင်ပို့ရန် ရှိကြောင်း သကြားအသင်းကနေ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၂၇၂၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေး တက်လာပါတယ်။တစ်လ အတွင်း တစ်ပိဿာကို ၂၀၀လောက်ဈေးမြင့်တက်လာပါတယ်။

မန်ကျည်းသီး

မန်ကျည်းသီးကလည်း ဈေးကွက်ထဲ အသစ်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဈေးကလည်း ကျဆင်း သွား ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး က တစ်ပိဿာကို ၁၇၅၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့ နှမ်းလက်ကျန်နည်းနေပြီး အရည်အသွေးကလည်း သိပ်မကောင်းဘူးလို့ သိရပါတယ်။ အရည်အသွေးကောင်းတဲ့ နှမ်းတွေက ဈေးပိုကောင်းရရှိနေပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၈၀၀၀၀ကနေ ၃၁၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးတက်လာပါတယ်။အောင်လံ ဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၀၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို

နှမ်းညိုကလည်း  ဆက်တိုက်မြင့်တက်နေပါတယ်။မန္တလေးဈေးကွက် မှာ နှမ်းညို အသစ်ကတစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပန်းနှမ်း

ပန်းနှမ်းကတော့ ဆက်တိုက်ဈေးမြင့်တက်နေပြီး လက်ကျန်လည်း နည်းနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၂၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၂၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *