ကြက်သွန်အသစ်များ လှိုင်လှိုင်ပေါ်လာနေသည့် အတွက် ကြက်သွန်နီဈေး များစိုက်စရိတ်အောက် ကျဆင်းလာ

ဖိုးချဲ

Jan 30 2023

ကြက်သွန်နီ လှိုင်လှိုင်ပေါ်သည့် ကာလဖြစ်သည့် အတွက် ကြက်သွန်စျေး များ ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်း ကုန်သည်များ နှင့် စားသုံးသူများ ထံမှသိရသည်။

ပြီးခဲ့သည့် နှစ်များက ကြက်သွန်တစ်ပိဿလျှင် ၅၀၀၀ စျေးထိ စျေးရရှိခဲ့သည့်အတွက် တောင်သူများ အနေဖြင့် ယခုနှစ်တွင် ပိုမိုစိုက်ပျိုးခဲ့သည့်အတွက် အထွက်နှုန်းများ လာပြီး ဇန်နဝါရီလ မှစ၍ ကြက်သွန် လှိုင်လှိုင်ပေါ်သည့် ကာလဖြစ်၍ စျေးကွက် သို့ ကြက်သွန်အသစ်များ ဆက်တိုက် သလို ဝင်ရောက်နေကြောင်း လည်းသိရသည်။ 

“လက်ရှိ တောစျေး ကျနေတယ်။ ကြက်သွန်က ပေါလေလေ စျေးက ကျလေလေပဲ။ ကြက်သွန်က နှစ်လပိုင်း ကနေ  လေးလပိုင်း ဆက်တိုက် သူ့နယ်နဲ့သူ ဆက်တိုက်ပေါ်တော့မှာ တစ်နိုင်ငံလုံး အတိုင်းအတာရ ပေါ့။ မိုးစိုက်တွေက တော့ အခု စျေးက အရင်း လောက်ပဲရမယ်။ စိုက်စရိတ်အောက်ရောက်လာပြီလို့ ပြောလို့ရတယ်။”ဟု မန္တလေးတိုင်း၊မြင်းခြံခရိုင် ၊တောင်သာမြို့နယ် မှ ကြက်သွန်စိုက်ကုန်သည် 

ကိုအောင်စိုးမြင့် ကပြောသည်။ 

လက်ရှိ စျေးကွက် သို့ မြစ်သား ၊  ဆိပ်ဖြူ ၊ နှင့် ပခုက္ကူဘက် မှ ကြက်သွန်နီများ ဝင်ရောက်လာခြင်းဖြစ်ပြီးစျေးကွက်တွင် မြစ်သား ကြက်သွန် များမှာ စျေးကွက် အမြင့်ဆုံး နှင့် အရောင်းဝယ်ပိုဖြစ်ကြောင်းသိရသည်။ 

လက်ရှိတောစျေး မှာ ၁၁၀၀ ၊၁၂၀၀ ခန့်ပေါက်စျေးရှိနေပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်

မူတည်ကာ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်းလည်းသိရသည်။ 

“အခု အသစ်တွေ က စျေးကျတယ် ။အသစ်ဝင်လာတဲ့ ကြက်သွန် အလတ်လေးတွေ ၂၃၀၀ စျေး နဲ့ဝယ်ရတယ်။ အသေးဆုံးက ၂၀၀၀ စျေး ရှိတယ်။ 

အခု အသစ်တွေပဲ ဝယ်စားနိုင်တယ် မြစ်သား ကြက်သွန်အဟောင်းတွေက ၄၀၀၀ ကျော် တယ် “  ဟု သင်္ဃန်းကျွန်းမြို့နယ် နေသူ မဆုမြတ် ပြောသည်။ 

လက်ရှိ ရန်ကုန်စျေးကွက်တွင်   ဆိပ်ဖြူ တပိလျှင် ၁၅၀၀ မှ ၁၇၀၀ ၊မြစ်သားတစ်ပိဿလျှင် ၁၅၀၀ မှ ၂၅၀၀ ၊မြင်ခြံ တစ်ပိဿလျှင် ၁၅၅၀ မှ ၁၆၅၀ထိ စျေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံတချို့ ထံမှ သိရသည်။ 

နောက်ပိုင်း စျေးကွက်သို့ ကြက်သွန်များ ပိုမို ဝင်ရောက်လာပါက တစ်ပိဿလျှင် ၁၀၀၀ အောက် ရောက်သွားနိုင် ကြောင်းတောင်သူများ ထံမှ သိရသည်။ 

လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်အားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိ နေ ကြောင်းသိရသည်။

ကြက်သွန်နီကို  ၁၁လပိုင်း နှင့် ၁၂လ ပိုင်းမှာ စတင်စိုက်ပျိုးကြပြီး ၄လပိုင်း အထိ နွေကြက်သွန်များ ပေါ်တော့မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ သွင်းအားစုများ စျေးကြီးနေသည့် အတွက် မြေဩဇာကောင်းကောင်းမသုံးနိုင်ပါက အထွက်နှုန်း နည်း ကာ အရည်သွေးလည်း ကျဆင်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *